News

POST TYPE

NEWS

စတော့အိတ်ချိန်းတွင် Secondary Board များဖြင့် ရှယ်ယာရောင်းဝယ်ခွင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ခွင့်ပြုမည်
05-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၅

စတော့အိတ်ချိန်းတွင် သတ်မှတ်အရည်အချင်းနှင့် မကိုက်ညီသည့်ကုမ္ပဏီများ အရောင်းအဝယ်ပြုလုပ်နိုင်သည့် Secondary Board များ လာမည့်နှစ်ကုန်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း (YSX)ထံမ သိရသည်။

“အတိအကျတော့ မပြောနိုင်သေးဘူး။ ခန့်မှန်းတာကတော့ ၂၀၂၀ နှောင်းပိုင်းလောက် စသွားနိုင်မယ်ထင်တယ်။ ဒီ Market ရှိလာရင် စတော့အိတ်ချိန်းက လုပ်ငန်းတွေအပြင် တခြားအများပိုင်ကုမ္ပဏီတွေအနေနဲ့ ရှယ်ယာတွေ အရောင်းအဝယ်လုပ်လာနိုင်မယ်” ဟု ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီ စုစုပေါင်း ၃၀၀ ကျော်ရှိပြီး အချို့လုပ်ငန်းများမှာ စတော့အိတ်ချိန်းဝင်လိုသော်လည်း သတ်မှတ်အရည်အချင်း ကိုက်ညီမှုမရှိသည့်အတွက် Secondary Board ဖြင့် လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ကြောင်း YSX ထံမှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်ရန် စည်းကမ်းချက် ၁၃ ချက်သတ်မှတ်ထားပြီး လက်ရှိတွင် ကုမ္ပဏီ ၅ ခုက ရှယ်ယာများအရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း YSX ၏ စာရင်းဇယားများအရ သိရသည်။

မြန်မာနိုင်ငံတွင် ရှယ်ယာများကို နိုင်ငံခြားသားဝယ်ယူခွင့်များပြုလုပ်ရန် စတင်လုပ်ဆောင်လျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်များရရှိပါက ယခုနှစ်ကုန်ပိုင်းတွင်စတင် ရောင်းဝယ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးသက်ထွန်းဦးက ပြောကြားသည်။

ပြည့်ဖြိုးမြင့်မွန်



  • VIA