News

POST TYPE

NEWS

ဗစ်တိုးရီးယားလေး ဆေးမှတ်တမ်း ရဲထံတွင် ပျောက်ဆုံးသဖြင့် ထပ်မံထုတ်ပေးခဲ့ရဟု မှုခင်းဆရာဝန်ထွက်ဆို
20-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ ၂၀

လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့က ဒက္ခိဏခရိုင် တရားရုံးတွင် အမှုမှ တရားလိုပြသက်သေတစ်ဦးဖြစ်သော နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံမှ မှုခင်းဆရာဝန်ကြီးကို စစ်ဆေးခဲ့ပြီး ထုတ်ပေးခဲ့သော ဆေးမှတ်တမ်းမှာ ရဲတပ်ဖွဲ့ထံတွင် ပျောက်ဆုံးသွားသဖြင့် ထပ်မံထုတ်ပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ 

တရားလိုပြသက်သေအဖြစ် အစစ်ဆေးခံရသူ မှုခင်းဆရာဝန်ကြီး ဒေါက်တာတင်မိုးမိုးခိုင်မှ ဗစ်တိုးရီးယားလေး၏ မိန်းမကိုယ်တွင် ယောကျာ်းသုက်ပိုး တွေ့ရှိခဲ့ကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် လက္ခဏာများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

ယင်းအပြင် သုက်ပိုးစစ်ဆေးမှုအပါအဝင် မှုခင်းဆေးပညာအသုံးပြုသည့် မှတ်တမ်းတင် ဖလင်ပြားများကို ရဲတပ်ဖွဲ့က တောင်းသဖြင့် ပေးအပ်ခဲ့ကြောင်းနှင့် ယခင်ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့မှ ဖလင်ပြား တောင်းယူမှုမျိုး မရှိခဲ့ဖူးကြောင်း ဆက်လက်ထွက်ဆိုခဲ့သည်။

ထုတ်ပေးလိုက်သည့် ဆေးစာမှတ်တမ်းမှာ ရဲတပ်ဖွဲ့ထံတွင် ပျောက်ဆုံးသွားသဖြင့် ဇွန် ၄ ရက်နေ့က ဇမ္ဗူသီရိ မြို့မရဲစခန်းမှ ခေတ္တစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲအုပ်ဝေဖြိုးလွင်ထံ ဆေးစာမိတ္တူမှန်ကို ထပ်မံထုတ်ပေးခဲ့ကြောင်း၊ သုက်ပိုးနှင့်ပတ်သက်၍ DNA စစ်ဆေးမှုကို ၎င်းမှာ မပြုလုပ်ခဲ့ကြောင်း မှုခင်းဆရာဝန်ကြီးက ဆက်လက်ထွက်ဆိုသွားသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ မော်တော်ယာဉ်ကို မောင်းနှင်သော ယာဉ်မောင်းအောင်ကြီးကို သံသယတရားခံအဖြစ် ဖမ်းဆီး၍ တရားစွဲဆို စစ်ဆေးလျက်ရှိပြီး တရားခွင်စစ်ဆေးပေါ်ပေါက်ချက်အချို့ကြောင့် ဒေါ်ဥမ္မာလှိုင်မှ ၎င်းမိသားစုနှင့် သားနှစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုထားသည်။

ယင်းအပြင် အဆိုပါ ဥပဒေပုဒ်မဖြင့် ဗစ်တိုးရီးယားလေး၏ ဖခင်၊ ဦးလေး၊ အဒေါ်နှင့် အမှုမှ နှစ်ဖက်ရှေ့နေများ ၊ အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် သက္ကမိုးညိုအကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်း တို့ကိုလည်း ရဲစခန်းတွင် ဒေါ်ဥမ္မာလှိုင်က တရားလိုပြု အမှုဖွင့်တိုင်ကြားထားသည်။

(S-03)