News

POST TYPE

NEWS

ဆိုက်ရောက်ဗီဇာခွင့်ပြုရန် ထပ်တိုး ၆ နိုင်ငံ တင်ပြထား
18-Nov-2019
မန္တလေး၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လာစေရန်ရည်ရွယ်၍ ဆိုက်ရောက်ဗီဇာ Visa On Arrival (VOA) လျှော့ချပေးလျက်ရှိရာ နောက်ထပ်တိုး ၆ နိုင်ငံ ခွင့်ပြုချထားပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဋ္ဌာနမှတစ်ဆင့် အထက်အဆင့်ဆင့်တင်ပြထားပြီး မည်သည့်အချိန်တွင် ခွင့်ပြုမည်ဆိုခြင်းနှင့် မည်သည့်နိုင်ငံများဖြစ်ခြင်းကို မပြောနိုင်သေးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်နောင်က ပြောကြားသည်။

မြန်မာနိုင်ငံသို့ အနောက်နိုင်ငံမှ ခရီးသွားများဝင်ရောက်မှု ကျဆင်းနေချိန်တွင် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ဩစတြေးလျ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အီတလီ၊ စပိန်နှင့် ရုရှားနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက်ဗီဇာ ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“မန္တလေးလေဆိပ်ကနေ ဆိုက်ရောက်ဗီဇာနဲ့လာတဲ့ ခရီးသည်တွေ တိုးလာပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မန္တလေးဇုန် ဥက္ကဋ္ဌ ဦးမျိုးရည်ကဆိုသည်။
ဆိုက်ရောက်ဗီဇာဆောင်ရွက်ပေးမှုများရှိသဖြင့် ပြည်တွင်းသို့ ပြည်ပခရီးသွားဝင်ရောက်မှု အနည်းငယ်တိုးတက်လာကြောင်း ရန်ကုန်မြို့မှ ခရီးသွားကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
(M - 01)