News

POST TYPE

NEWS

ကွတ်ခိုင်တွင် တိုက်ပွဲပြင်းထန်၊ ယာဉ်အစီးရေ ၂၀၀ ခန့် ပိတ်မိ
13-Nov-2019

လားရှိုး၊ နိုဝင်ဘာ ၁၃

ကွတ်ခိုင်မြို့အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့ နိုဝင်ဘာ ၁၃ ရက် နံနက် ၆ နာရီခန့်မှစကာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေပြီး ကွတ်ခိုင်တိုးဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် အစီးရေ ၂၀၀ ခန့် ပိတ်မိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်မှစ၍ ကွတ်ခိုင်မြို့ရှိ အခြေချ စစ်ဗျူဟာလက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခံရပြီး ကွတ်ခိုင်မြို့ ရပ်ကွက်(၈) အနီး၊ လွိုင်ဆမ်စစ်တောင်ကြောအနီး၊ ဂေါက်ကွင်းအနီး၊ ရွှေကမ္ဘာအေးစေတီ အနီးနေရာများ၌ TNLA နှင့် တပ်မတော် စစ်ကြောင်းများ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမပေါ် မန်နောင်ရွာအနီးတွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၇ နာရီ ၁၄ မိနစ်က တစ်ကြိမ်၊ ကွတ်ခိုင်မြို့ မြို့သစ်ဂေါက်ကလပ်တွင် နံနက် ၇ နာရီ ၁၀ မိနစ်က တစ်ကြိမ်၊ ကျောက်မဲမြို့နယ်၊ တောဖယ်ရွာအနီးတွင် နံနက် ၆ နာရီခွဲက တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ သိရသည်။ 

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်အတွင်း တပ်မတော်ဘက်မှ ကျောက်မဲမြို့ အမြောက်တပ်နှင့် မိုင်းငေါ့မြို့ တပ်စခန်းမှနေ၍ တအာင်းကျေးရွာအတွင်းနှင့် တအာင်းတပ်ရှိရာ ယာယီတပ်စခန်း တောင်ကုန်းသို့ ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီး အကြိမ် ၁၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင်လည်း ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် တပ်မတော်အနေနှင့် နိုဝင်ဘာ ၁၀ ရက်မှစပြီး တအာင်းဒေသ တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ တပ်မဟာ ၃ နယ်မြေ မန်တုံမြို့နယ်သို့ ထိုးစစ်ဆင်လာခြင်း၊ ဒေသခံများကို ဦးတည်ပြီး လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ ထို့ပြင် RCSS တပ်ဖွဲ့များကိုခေါ်ယူလာခြင်းကြောင့် ယခုကဲ့သို့ မလွှဲမရှောင်သာ ကြိုတင်ခုခံကာကွယ်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တိုက်ပွဲပြင်းထန်နေ၍ ကွတ်ခိုင်နှင့် မူဆယ်အကြား ကွတ်ခိုင်တိုးဂိတ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၇ နာရီခွဲမှစကာ လားရှိုး၊ မူဆယ်ဘက်သွားမည့် ကားများကို သွားခွင့်မပြုဘဲ ပိတ်ထားခဲ့ရာ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်အထိ စာရင်းအရ ယာဉ်အစီးရေ ၂၀၀ ခန့် ပိတ်နေဆဲဖြစ်ကြောင်း ကွတ်ခိုင်မြို့ရှိ တိုးဂိတ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Oriental တိုးဂိတ်တာဝန်ရှိသူက ယာဉ်များကို သွားလာခွင့်မပြုဘဲ ရပ်တန့်စောင့်ဆိုင်းခိုင်းရခြင်းသည် ကွတ်ခိုင်၊ မူဆယ်ကြား ပြည်ထောင်စုလမ်းတွင် တိုက်ပွဲများဖြစ်နေခြင်းကြောင့် ခရီးသည် တင်ယာဉ်များ တိုက်ပွဲကြား ပိတ်မိမည်စိုး၍ အုပ်ချုပ်ရေးဆိုင်ရာ ဌာနဆိုင်ရာများနှင့်ညှိနှိုင်းချက်အရ ထိန်းပေးထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။
 
နိုဝင်ဘာ ၁၃ ရက်တွင် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံအချို့ တိုက်ပွဲလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ တိုက်ပွဲကြား ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲစတင် ဖြစ်ပွားချိန် ဩဂုတ်လ ၁၅ ရက်မှစတင်ကာ အောက်တိုဘာလကုန်ပိုင်းအထိ ရဟန်းများအပါအဝင် အရပ်သားသေဆုံးသူ ၂၅ ဦး ထက်မနည်းရှိနေပြီဖြစ်ပြီး ဒဏ်ရာရရှိ သူအရေအတွက်မှာလည်း ၃၀ ဦးထက် မနည်းရှိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့စာရင်းများနှင့် ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလလယ်ပိုင်းကလည်း နမ့်ဆန်မြို့အနောက်ဘက် ဆယ်မိုင်ပတ်လည်ဝန်းကျင်တွင် တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဒေသခံပြည်သူ ၉၃၀ ကျော် ဘေးလွတ်ရာ နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ 

 မမ(လားရှိုး)