News

POST TYPE

NEWS

လွှတ်တော်အမတ်ကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ AA ရှင်းလင်းချက်ထုတ်ပြန်
11-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၀

ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားရခြင်း အကြောင်းအရင်းများနှင့် ပတ်သက်သည့် ရှင်းလင်းသည့် ထုတ်ပြန်ချက်တစ်စောင်ကို AA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အခြားသူအချို့သည် AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံတကာတွင် ဂုဏ်သိက္ခာကျဆင်းစေရန်၊ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်စေရန် နိုင်ငံတကာဖိအားများ သက်ရောက်စေရန် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားမှုများ ပြုလုပ်ခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်၏ ဝါဒဖြန့်အရေးအသားများကို ထပ်ဆင့်ဖြန့်ဝေခြင်း၊ တပ်မတော်၏ ပလက်ဝမြို့နယ်အတွင်း စစ်ရာဇဝတ်မှုများကို ဖုံးဖိကာ AA အဖွဲ့အပေါ် အပြစ်ပုံချရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်းAA ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း အစရှိသည်တို့ကို အဓိကထား လုပ်ဆောင်သူများတွင် ဦးဝှေ့တင်းလည်း တစ်ဦးအပါအဝင်ဖြစ်ကာ အခြားသောသူအချို့လည်း ပါဝင်နေကြောင်းကို စုံစမ်းထားပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအနေနှင့် တိုင်းရင်းသား မျိုးနွယ်စုများအကြား အမုန်းစကားများပြောဆိုခြင်း၊ AA အဖွဲ့၏ စစ်ရေးကဏ္ဍများကို အနှောင့်အယှက်ပြုရန် ကြိုးစားခြင်း၊ တပ်မတော် လက်ကိုင်တုန်အဖြစ် လုပ်ဆောင်နေခြင်းများကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်းလည်းဆိုသည်။

ထို့ပြင် AA အနေနှင့် ဦးဝှေ့တင်းထံမှ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေများကို ရရှိထားပြီးဖြစ်ကြေင်း ယင်းသို့ လုပ်ဆောင်နေသည့် မည်သူ့ကိုမဆို တော်လှန်ရေးကာလ အခြေအနေလိုအပ်ချက်အရ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AA ထုတ်ပြန်ချက်တွင် သတိပေးဖော်ပြထားသည်။

လက်ရှိ AA လက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဦးဝှေ့တင်းကို ပြန်လွှတ်မည်မလွှတ်မည်ကို ရေးသားဖော်ပြထားခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားမည့် အခြေအနေရှိသည်။

အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် အဖွဲ့အစည်းအချို့မှ တောင်းဆိုမှုများ ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝှေ့တင်းအပါအဝင် အိန္ဒိယနိုင်ငံသားအချို့ကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်ပေးခဲ့ကာ ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

J-08