News

POST TYPE

NEWS

အလုပ်အကိုင်ရရှိရေး ဦးစားပေးမည့် အစိုးရ၏ စီးပွားရေးမူဝါဒ ထုတ်ပြန်
31-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင်၃ဝ

အစိုးရသစ်တာဝန်ယူပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒကို အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ထိပ်တန်း ဦးစားပေးအဖြစ် ရည်မှန်းချက်ထားကာ ထုတ်ပြန်လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

အစိုးရသစ်၏ သက်တမ်း ရက်ပေါင်း ၁၂ဝ အကြာတွင် အချက် ၁၂ ချက်ပါ စီးပွားရေး မူဝါဒကို ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် သံတမန် အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို ရှင်းလင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“၇ဝ ရာခိုင်နှုန်း အထက်ရှိတဲ့ ပြည်သူလူထုဟာ ဆင်းရဲနွမ်းပါးမှု ဒဏ်ကို ခံစား နေရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးကို ထိပ်တန်း ဦးစား ထားပြီးတော့ ရေးဆွဲ ထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပိုင်းတွင် ငွေကြေးကဏ္ဍနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ပြုပြင် ပြောင်းလဲရန်၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကို ပုဂ္ဂလိက လက်ထဲသို့ လွှဲပြောင်းပေးရန်နှင့် အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံသားတိုင်းကို လွတ်လပ်စွာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ရေရှည် ထိန်းသိမ်းနိုင်သော လိုက်လျောညီထွေ ဖြစ်မည့်မြို့ပြများ တည်ထောင်ရေးနှင့် နိုင်ငံတော် ဝင်ငွေ တိုးစေမည့် အခွန်စနစ် ဖော်ဆောင်ရေးတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ စီးပွားရေး မူဝါဒတွင် ဖော်ပြထားသည်။

“နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပိုမို အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲ လုပ်ဆောင်ရေးဆိုတာ ထည့်သွင်းထားတာ ဖြစ်ပါတယ်”ဟု ဦးကျော်ဝင်းက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုး တိုးတက်ရေးကို ညီညွှတ် မျှတစေမည့် စီးပွားရေး ပုံစံ ဖြစ်စေရန်နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေမည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပေါ်ပေါက်လာစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ကဏ္ဍနှင့် ပတ်သက်၍ တည်ငြိမ်မှု ရှိရန် ဆောင်ရွက်မည်ဟု ပြောကြားထားပြီး ဗဟိုဘဏ်ကို သီးခြား လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ခွင့်ပြုမည့်အကြောင်း စီးပွားရေး မူဝါဒတွင် မဖော်ပြထားပေ။

ယင်းအပြင် နိုင်ငံသားတိုင်းကို စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရန် ဆောင်ရွက်သွားမည်ဟု ဆိုထားခြင်းတွင် စကားလုံး အသုံးအနှုန်းအရ အငြင်း ပွားဖွယ်ရာများ ရှိလာနိုင်ကြောင်း စီးပွားရေး ပညာရှင် တစ်ဦးက ဆိုသည်။

“စီးပွားရေး လုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်လို့ ပြောထားရင် စီးပွားရေးသမားတွေက တောင်းဆို လာလိမ့်မယ်။ လတ်တလော ဖြစ်နေတဲ့ ကိစ္စကို ပြောရင် အထပ်မြင့် ကိစ္စပေါ့။ ဒါက commitment ဖြစ်သွားမှာဆိုတော့ အမှန်တကယ် လုပ်နိုင်တာကိုပဲ ပြောဖို့ လိုလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အခွန်စနစ် ပြုပြင် ပြောင်းလဲရေး၊ အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ရေရှည် ထိန်းသိမ်းနိုင်ရန် လိုက်လျောညီထွေရှိသော မြို့ပြများ တည်ဆောက်ရေး၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ တိုးချဲ့ရေးတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ စီးပွားရေး မူဝါဒတွင် ဖော်ပြထားသည်။

စီးပွားရေး မူဝါဒအပြင် နိုင်ငံအတွက် လိုအပ်နေသော ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့် စွမ်းအင်၊ အခြေခံ အဆောက်အဦ မူဝါဒများကိုလည်း သီးခြား ထုတ်ပြန်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

  • VIA
  • TAGS