News

POST TYPE

NEWS

ဟန်နီပေါင်မုန့်စက်ရုံ အလုပ်ရှင် အလုပ်သမားပြဿနာ ပြေလည်မှု မရရှိသေး
21-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၀

စက်ရုံပိတ်သိမ်းမည်ဟု ကြေညာချက် ထုတ်ပြန်မှုကြောင့် သပိတ်စခန်းဖွင့် ဆန္ဒပြနေသော ဟန်နီပေါင်မုန့်စက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာမှာ အဆင်ပြေမှုမရရှိသေးကြောင်း အလုပ်သမားများထံမှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁)၊ ဆရာရှမ်းလမ်းရှိ ဟန်နီပေါင်မုန့်စက်ရုံသည် စက်ရုံပိတ်သိမ်းမည်ဟု အောက်တိုဘာလ ၈ ရက်အတွင်း ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း အလုပ်သမား ၅၀ ဦးတို့သည် အောက်တိုဘာ ၁၆ ရက်မှစတင်ကာ စက်ရုံရှေ့၌ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ မဝင်းဝင်းမော်က ပြောသည်။

“လတ်တလောကတော့ ညှိနှိုင်းတာ အဆင်မပြေဘူး၊ မနက်ဖြန် မြို့နယ်မှာ ထပ်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းမှာ”ဟု ၎င်းက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။ 

အလုပ်ရှင်အနေနှင့် အလုပ်သမားများ တောင်းဆိုသော တောင်းဆိုချက် ၁၀ ချက်ကို လိုက်လျောခြင်းမရှိသည့်အတွက် ညှိနှိုင်းရာတွင် အခက်အခဲများ ရှိနေပြီး အောက်တိုဘာ ၂၁ ရက်နေ့တွင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး၌ အလုပ်ရှင် အလုပ်သမား တွေ့ဆုံဖြေရှင်းကြမည်ဟု ၎င်းက ဆိုသည်။ 

ဟန်နီပေါင်မုန့်စက်ရုံမှ သပိတ်စခန်းဖွင့် တောင်းဆိုသော အလုပ်သမား တောင်းဆိုချက်များမှာ ရက်မှန်ကြေး ၁၂၀၀၀ ပေးရန်၊ ဥပဒေကို ချိုးဖောက်၍ မပေးဘဲထားသော အချိန်ပိုကြေးများကို ပြန်လည်ပေးရန်၊ အလုပ်သမားများအား မိမိတာဝန်နှင့် မဆိုင်သော အခြားအလုပ်များမခိုင်းရန် အပါအဝင် အချက် ၁၀ ချက် ပါဝင်ကြောင်း ယင်းစက်ရုံ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ကိုလင်းလင်းသန်းမှ ပြောသည်။

ဟန်နီစက်ရုံပိတ်သိမ်းမည့် ကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမားများအား တိကျစွာ ရှင်းလင်းပြရန်နှင့် ပြန်လည်ပတ်ပါက အလုပ်သမားများအား ပြန်လည်ခန့်ထားပေးရမည်ဖြစ်ပြီး အလုပ်သမားများဘက်က တောင်းဆိုချက်များကို မရမချင်း သပိတ်စခန်းကို ပိတ်သိမ်းမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ စက်ရုံသို့ ဆက်သွယ်မေးမြန်းရာ ယင်းစက်ရုံမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဟိန်းထက်က “မနက်ဖြန်ဆို အဆင်ပြေပါပြီ၊ ပိတ်ရက်တွေ ခံနေလို့ မဖြေရှင်းဖြစ်သေးတာပါ”ဟု ပြောသည်။ 

အေးချမ်းသူ


  • VIA