News

POST TYPE

NEWS

ဆင်မ သစ်တောကြိုးဝိုင်းအတွင်း ဆင်ပစ် သေနတ် ၂ လက်ကို တွေ့ရှိ
21-Oct-2019


ပုသိမ်၊ အောက်တိုဘာ ၂၁

ငပုတောမြို့နယ် ဆင်မသစ်တော ကြိုးဝိုင်း၊ အကွက် အမှတ် ၉၃၊ ဒေသအခေါ် ငါးဒန်ဆူးရပ်ညာချောင်း လက်တက်အနီးရှိ ယာယီတဲတစ်လုံးတွင် ဆင်ပစ်ရာတွင် အသုံးပြုသည့် တူးမီး သေနတ် ၂ လက်နှင့် အတူ ဆင်သတ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

တောဆင်ရိုင်းများ အသတ်မခံရရေးအတွက် အမှတ် (၁) နှင့် အမှတ် (၂) တောဆင်ရိုင်းထိမ်းသိမ်း ကာကွယ်ရေးအဖွဲ့တို့ အောက်တိုဘာ ၂၀ ရက်နေ့က ပူးပေါင်း၍ ကင်းလှည့်ဆောင်ရွက်စဉ် မသင်္ကာဖွယ် ယင်းတဲကို ဝင်ရောက် ရှင်းလင်းရှာဖွေရာမှ အရှည် ၄ ပေ ၂ လက်မခွဲ ဆင်ပစ် တူးမီးသေနတ် ၁ လက်၊ အရှည် ၄ ပေ ၇ လက်မရှိ ဆင်ပစ် တူမီး သေနတ် ၁ လက်နှင့်အတူ ဆင်သတ်ရာတွင် အသုံးပြုသည့် ရဲဒင်း၊ ဓား၊ မြှားခေါင်း၊ သံချွန်၊ ဒစ်ဂျစ်တယ်ချိန်ခွင်၊ ယမ်းမှုန့်ထုတ်၊ သံဘောစိ၊ တောတွင်းသုံး ဓာတ်မီး၊ ဓားသွေးကျောက် စသည့် ပစ္စည်းအရေအတွက် ၂၄ ခုကို တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ငရုတ်ကောင်းနယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

“သစ်ခုတ်၊ မီးသွေးဖုတ်၊ တောထဲ မှိုရှာ မျှစ်ရှာ၊ ထင်းရှာသူတွေ ယာယီ စခန်းချတဲ့တဲပါ။ ဘယ်သူအပိုင်မှ မဟုတ်ဘူး။ ဆင်သတ်သူတွေ ယာယီဝင်ပြီး စခန်းချတယ်။ လှည့်ကင်းကို တွေ့လို့ သူတို့ လက်နက်တွေ မယူနိုင်တော့ဘဲ လက်လွှတ် ထွက်ပြေးပုံရတယ်”ဟု တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောသည်။

ယခုနစ်ဧပြီလ (၈) ရက်နေ့ကလည်း ငပုတောမြို့နယ် မဲခရဲကြိုးဝိုင်း၊ အကွက် အမှတ် ၃၀၂၊ ညောင်ဝိုင်းအုပ်စု၊ သစ်စိမ့်ချောင်းဝတွင် လူ ၃ ဦးကို ဆင်ပစ်ရာတွင် အသုံးပြုသော တူးမီး သေနတ် တစ်လက် အပါအဝင် ဆင်သတ်ရာတွင် အသုံးပြုသော လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံ ဆင်မိတ်ဆွေများ အသင်းထံမှ သိရသည်။

R-12



  • VIA