News

POST TYPE

NEWS

IFC က ဝက်မွေးမြူရေးလုပ်ငန်းတွင် ကန်ဒေါ်လာသန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှုမည်
20-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၀

နိုင်ငံတကာ ငွေရေးကြေးရေးကော်ပိုရေးရှင်း (International Finance Corporation- IFC) က မြန်မာနိုင်ငံတွင် ဝက်မွေးမြူရေးနှင့် ဝက်သတ်ရုံများ တည်ဆောက်သည့်လုပ်ငန်းများ၌ အမေရိကန်ဒေါ်လာသန်း ၈၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၈၀၀ ကို ၁၇ လအတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန်အတွက်လည်း ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

“၁၇ လအတွင်းမှာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါဝင်လာမယ်ဆိုရင် ရှေ့အလားအလာက ရင်းနှီးမြှုပ်နှံမှုတွေ လာနိုင်တဲ့အနေအထားရှိပါတယ်”ဟု ဦးဇော်မင်းဝင်းက ပြောဆိုသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ IFC နှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများပူးပေါင်းကာ အမြန်ဆုံးရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုကလည်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးထားပြီး ယင်းအဖွဲ့က ဈေးဝယ်စင်တာများ တည်ဆောက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

J-11


  • VIA