News

POST TYPE

NEWS

ကျန်စစ်သားမင်းနှင့် အနော်ရထာမင်း နန်းတော်ရာဟောင်းတွင် မြေကာနံရံများပြုလုပ်မည်
19-Oct-2019


မန္တလေး၊ အောက်တိုဘာ ၁၉

ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းနှင့် အနော်ရထာမင်း နန်းတော်ရာဟောင်းတွင် မြေကာနံရံများ ပြုလုပ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“အရင်တူးဖော်မှုတွေ လုပ်ထားတယ်။ တူးဖော်လိုက်တဲ့အခါကျတော့ တူဖော်တွေ့ရှိတာတွေကို Site Museum မျိူးနဲ့ ပြထားတယ်။ ပစ္စည်းတွေကိုလည်း ပြထားတယ်။ တူးထားတဲ့ ကျင်းခွက်ကြီးတွေအလိုက် ပြထားတယ်။ ဆိုတော့ တူးပြီးသားနေရာ မြေသားတွေက ကြံ့ခိုင်မှုနည်းလာတယ်။ မြေသားတွေက မိုးရေပတ်တာတို့၊ ရေဝင်တာတို့တွေရှိတယ်။ မြေသားတွေက မူလအတိုင်းမရှိတော့ဘဲနဲ့ ပဲ့ပဲ့ကျတာတွေရှိတယ်။ ပျက်စီးလာတာတွေ ရှိတယ်။ ဒါတွေကို ဓာတုဗေဒနည်းနဲ့ ထိမ်းရတာရှိတယ်။ ထိန်းမရတာတွေကို မြေကာနံရံနဲ့ထိန်းရမယ်ပေါ့။ မြေထပ်မပြိုသွားအောင် ကာမှာဖြစ်ပါတယ်။ ပတ်ပတ်လည်တိုက်စားပြီးတော့ ပြိုကျတာတွေ မဖြစ်ရအောင်ပါ” ဟု ၎င်းကရှင်းပြသည်။

တူးဖော်ပြီးဖြစ်သော ကျန်စစ်သားမင်းနှင့် အနော်ရထာမင်း နန်းတော်ရာဟောင်းတွင် မြေကာနံရံပြုလုပ်ခြင်း၊ အမိုးအကာ ပြုလုပ်ခြင်း၊ တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း၊ သတိပေး/ အသိပေးဆိုင်းဘုတ်များ ပြုလုပ်ခြင်း၊ အမိုးအကာ ပြုလုပ်ထားသော Excavation Sites များရှိ ပျက်စီးနေသော ရေတံလျှောက်များ အသစ်လဲလှယ်ခြင်း၊ တူးဖော်မှုကုန်းများကို ဓာတုဗေဒနည်းဖြင့် မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ယင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်းများလုပ်ဆောင်ရွက်ရန်အတွက် တင်ဒါများကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

မြတ်မင်း