News

POST TYPE

NEWS

အရက်ကြောင်နေသူက ကျောင်းထိုင်ဆရာတော်နှင့် ရွာသားတစ်ဦးကို ဓားဖြင့်လိုက်ထိုး၍ ဝိုင်းဖမ်းဆီး
18-Oct-2019


မိတ္ထီလာ၊ အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ် လိန်တောအရှေ့ကျေးရွာဘုန်းကြီးကျောင်းတွင် သြဂုတ်လ (၁၇ ) ရက်မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော်နှင့် ရွာသားတစ်ဦးကို ဓားနှင့်လိုက်လံထိုးသဖြင့် ဝိုင်းဖမ်းဆီးခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

မိတ္တီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အောင်စံပယ်လမ်းနေ မိုးနိုင်ဦး (၂၆) နှစ်သည် အောက်တိုဘာ (၁၇) ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်ခန့်က လိန်တောအရှေ့ရွာရှိ သုခကာရီကျောင်းသို့ ရောက်ရှိလာပြီး ကိုရင်ဝတ်ချင်ကြောင်း ဆရာတော်ဦးအစ္ဆရိယထံ လျှောက်ထားရာ ဆရာတော်က သင်္ကန်းဝတ်လိုလျှင် ကျေးရွာလူကြီးများနှင့် အုပ်ထိန်းသူများ ခေါ်လာရန် မိန့်ကြားသဖြင့် မိုးနိုင်ဦးက ကျောင်းအောက် ဆင်းသွားပြီး ကျောင်းပေါက်ဝ၌တွေ့ရှိသူ လိန်တောကျေးရွာသား ဦးကိုဦး (၄၃) နှစ်ကို ဓားဦးချွန်နှင့်လိုက်လံထိုးရာ ဦးကိုဦးမှာ ကြောက်လန့်ပြီး တိမ်းရှောင်ထွက်ပြေးနိုင်ခဲ့၍ ထိုးမိခြင်းမရှိခဲ့ကြောင်း။ ထိုသို့ဖြစ်နေသည်ကို ဆရာတော်က မပြုလုပ်ရန် တားမြစ်ရာ ကျောင်းထိုင်ဆရာတော်ကိုပါ ဓားနှင့်ဆက်လက်လိုက်ထိုးရာ ဆရာတော်မှ ရှောင်တိမ်းလိုက်၍ မထိုးမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ရွာသားတွေ ဝိုင်းလာတော့ ကျောင်းကနီးစပ်ရာ အခန်းထဲကို ဝင်ပုန်းတယ်။ အဲဒီထဲမှာ အိုနေတဲ့ ဆရာတော်ကြီးတစ်ပါးရှိတယ်။ အဲဒီဆရာတော်ကြီးက အခန်းအပြင်ထွက်ပြီးတော့ တံခါးကိုဂျက် ချလိုက်တာ။ အဲဒီလိုနဲ့မိတာ။ သူ့မှာ ကျောပိုးအိတ်နဲ့ အဝတ်တွေပါတယ်။ ဓားဦးချွန်တစ်ချောင်းပါတယ်။ အရင်တုန်းကလည်းဒီလိုတွေ မဖြစ်ဖူးပါဘူး။”ဟု လိန်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်က ရှင်းပြသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မိုးနိုင်ဦးကို မိတ္ထီလာမြို့မရဲစခန်းက (ပ) ၆၉၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၂၉၄ ဖြင့် အမှုဖွင့်အရေးယူပြီး ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

R-01



  • VIA