News

POST TYPE

NEWS

တောင်သူများ ဆည်ရေကိုခြိုးခြံချွေတာသုံးစွဲကြရန် အသိပေး
17-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁၇

မိုးစပါးစိုက်ပျိုးရေပေးဝေနေရသည့် ရေလှောင်တမံများတွင် ယခုလက်ရှိရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေအရ စိုက်ပျိုးရေရယူသုံးစွဲလျက်ရှိသည့် တောင်သူများအနေနှင့် ဆည်ရေကိုအထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိ ရယူသုံးစွဲကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

ရေလှောင်တမံများတွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှုနည်းပါးလျက်ရှိပြီး စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်လျက်ရှိသည့် သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီးစသည့် ဘက်စုံရေလှောင်တမံကြီးများတွင် တမံအတွင်းရေလှောင်ပမာဏများမှာ ယခင်နှစ်ကာလတူ ပမာဏများနှင့်နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါရေလှောင်တမံကြီးများတွင် လက်ရှိမိုးစပါးစိုက်ပျိုးရေပေးဝေလျက်ရှိပြီး ဒေသတွင်းသောက်သုံးရေလည်း လိုအပ်သလိုပေးဝေလျက်ရှိကာ မိုးစပါးစိုက်ဧကများအပေါ်တွင် စိုက်ပျိုးရေကိုခြိုးခြံချွေတာပြီး အနည်းဆုံး ပမာဏဖြင့် ပေးဝေနိုင်ရန်အတွက် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရေသောက်တောင်သူများနှင့်ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိသည်။

မိုးစပါးအောင်ရေအထိ စိုက်ပျိုးရေပေးဝေပြီးနောက်တွင် တမံအတွင်း ကျန်ရှိ သိုလှောင်ရေပမာဏအပေါ်မူတည်၍ ဒေသသောက်သုံးရေလိုအပ်ချက်ကို ဦးစားပေးလျာထားပြီးမှ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရေပေးဝေမည့် ဧကများကို လျာထားစီမံသွားရမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တောင်သူများအနေနှင့် ဌာနကသတ်မှတ်ထားသည့် ရေလှည့်ဇယားများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေအခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက တာဝန်ခံဝန်ထမ်းများနှင့် ဆက်သွယ်ညှိနှိုင်းစီမံဆောင်ရွက်ကြရန်နှင့် ရေလိုအပ်ချက်နည်းသည့် သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ပါက သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11