News

POST TYPE

NEWS

အမှိုက်စနစ်တကျစွန့်ပစ်ရေး ကလေးမြို့ဆေးရုံအတွင်း အမှိုက်ကောက်၍အသိပညာပေး
21-Sep-2019

ကလေး၊ စက်တင်ဘာ ၂၁

အမှိုက်စွန့်ပစ်မှုလျှော့ချရေးနှင့် စနစ်တကျစွန့်ပစ်ရေး ရည်ရွယ်၍ ကလေးမြို့ဆေးရုံကြီးဝင်းအတွင်း အမှိုက်ကောက်ကာ အသိပညာပေးပြုလုပ်ခဲ့ကြောင်း ဦးဆောင်ပြုလုပ်သည့်အဖွဲ့များထံမှ သိရသည်။

စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးမြို့ သန့်ရှင်းရမည်အဖွဲ့နှင့် အခြားသော အရပ်ဘက်အဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယင်းသို့ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

စာသင်ကျောင်းများတွင် ပညာပေးဟောပြောခြင်း၊ ပြည်သူ့စကားဝိုင်းများပြုလုပ်ခြင်း၊ လူစည်းကားရာနေများတွင် ပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ကလေးမြို့သန့်ရှင်းရမည်အဖွဲ့ ဦးဆောင်သူ မယုဝေဝေလွင်က ပြောသည်။

“ကလေးမြို့မှာ လူဦးရေများလာတာနဲ့အမျှ အမှိုက်ထွက်ရှိမှုအားကလည်း များလာတယ်။ အမှိုက်တွေကို စနစ်တကျမစွန့်ပစ်တော့ မိုးရွာတဲ့အခါမှာ ချောင်းတွေ၊ မြောင်းတွေပိတ်ပြီး ရေကြီးတာတွေ ဖြစ်ပေါ်လာတယ်”ဟု ၎င်းက လက်ရှိအခြေအနေကိုရှင်းပြသည်။

ပလက်စတစ်အမှိုက်ဆွေးမြေ့မှုမှာ လူ့သက်တမ်းတစ်ခုထက် ပိုသောကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်သကဲ့သို့ နောင်မျိုးဆက်များအတွက်လည်း ထိခိုက်နိုင်၍ ယခုအချိန်မှစ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မယုဝေဝေလွင်က ပြောကြားသည်။

ကလေးမြို့တွင် ရပ်ကွက်ပေါင်း ၂၀ ရပ်ကွက်ရှိပြီး နေ့စဉ် အမှိုက်တန်ချိန် ၆၀ တန် စွန့်ပစ်နေရသည့်အနက် ဆွေးမြေ့ပျက်စီးရန် မလွယ်သည့် ပလက်စတစ်အမှိုက်တန်ချိန် ၃၈ ရာခိုင်နှုန်း ပါဝင်နေခြင်းဖြစ်သည်။

ကလေးမြို့ခံ ဒေါ်အေးသိန်းက “အမှိုက်ကို အိမ်မှာ အမှိုက်တောင်း လုပ်ထားပြီးထည့်တယ်။ ဒါကလည်း အိမ်ဝန်းကျင်သန့်ရှင်းဖို့လုပ်တာပါ။ သုံးရက်ကို တစ်တင်းဆံ့တောင်းနဲ့ တစ်တောင်းလောက် စွန့်ပစ်ရတယ်”ဟု ပြောကြားသည်။

ပလက်စတစ်အမှိုက် အမြောက်အများပါဝင်နေခြင်း၊ စွန့်ပစ်မှုများလာခြင်းကြောင့် ယခင်က အမှိုက်ပုံအတွက် ၅ ဧကသာရှိရာမှ ယခုဘဏ္ဍာရေးနှစ်မှစ၍ ၁၀ ဧကကျော် ထပ်မံဝယ်ယူကာ အမှိုက်စွန့်ပစ်နေရကြောင်း ယင်းမြို့စည်ပင်ရုံးထံမှ သိရသည်။

R-20