News

POST TYPE

NEWS

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ယခုနှစ်ကုန်ထိ အပစ်ခတ်ရပ်စဲကြောင်း ကြေငြာ
20-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေး ပွဲပြုလုပ်ခဲ့သော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ (TNLA, NDAA, AA) သည် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲကြောင်း ယနေ့ (စက်တင်ဘာ ၂၀) ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် အစိုးရနှင့်အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်ရန်နှင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများလျှော့ချနိုင်ရန်အတွက် ယခုနှစ်ကုန်အထိ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုမဟာမိတ်အဖွဲ့သည် စက်တင်ဘာ ၉ ရက်နေ့က တစ်လတာ အပစ်ခတ်ရပ်စဲကြောင်း ကြေငြာထားပြီး ယခုတဖန် နှစ်ကုန်ထိ အပစ်ခတ်ရပ်စဲကြောင်း ထပ်မံကြေညာသော်လည်း တပ်မတော်က ထိုးစစ်ဆင်ခြင်း၊ ရဟတ်ယဉ် ၊ သဘောင်္များ အသုံးပြု၍ လက်နက်ကြီးများ ပစ်ခတ်ခြင်း စသဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လာပါက ပြန်လည် ခုခံသွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တပ်မတော်က စစ်တိုင်းကြီးငါးခုတွင် ထပ်မံအပစ်ခတ်ရပ်စဲကြောင်း ကြေငြာသည့်ကာလမှာ မနက်ဖြန် (စက်တင်ဘာ ၂၁ ရက်) တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။