News

POST TYPE

NEWS

ပါကစ္စတန် ကာဆူးတွင် ယောကျာ်းလေးအလောင်းများကို တွေ့ရှိပြီးနောက် လူထုက ဆန္ဒပြ
20-Sep-2019


အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၉

ပါကစ္စတန်နိုင်ငံ ကာဆူးခရိုင်တွင် ယောကျာ်းလေး ၃ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီးနောက် အမျက်ထွက်နေသော ပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူတစ်ဦးမှာ မသေမီ မုဒိမ်းကျင့်ခံခဲ့ရသည်ဟု ရဲက အတည်ပြုသည်။ ကျန်နှစ်ဦး၏ အလောင်းစစ်ဆေးချက်ကိုမူ စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ပန်ဂျပ်ပြည်နယ် ကာဆူးခရိုင်သည် လက်ရှိနှစ်များအတွင်း ကလေးသူငယ် ပြန်ပေးဆွဲမှုများ၊ မုဒိမ်းမှုများနှင့် သတ်ဖြတ်မှုများ တသီတတန်း ဖြစ်ပွားလျက်ရှိသည်။

၂၀၁၈ ခုနှစ်က ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အသတ်ခံရမှုသည် ပြည်သူများ၏ အမျက်ထွက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ရဲတပ်ဖွဲ့၏ ညံ့ဖျင်းမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ရာ ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ရသည်။

ထိုမိန်းကလေးအား မုဒိမ်းကျင့် သတ်ဖြတ်သည့် တရားခံဇိုင်နက်ဘ်သည် မိန်းကလေးခြောက်ဦးအပေါ် အလားတူ ကျူးလွန်ခဲ့မှုဖြင့် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။

ယခုတစ်ဖန် ယောကျာ်းလေးများ၏ အလောင်းများကို တွေ့ရှိခဲ့ပြီးနောက်တွင် အမျက်ထွက်နေသောလူထုက ဗုဒ္ဓဟူးနေ့တွင် ချန်နီယာရပ်ကွက်အတွင်း လမ်းများကို ပိတ်ဆို့ကာ တာယာများကို မီးရှို့ခဲ့ကြသည်။ နယ်မြေခံရဲစခန်းကိုလည်း ဆန္ဒပြလူအုပ်က ဝိုင်းထားခဲ့ကြပြီး ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

တွေ့ရှိသောအလောင်းများအနက် တစ်ဦးမှာ တနင်္လာနေ့က ပျောက်ဆုံးသွားသော ဖိုင်ဇန် (၈) နှစ်ဖြစ်ပြီး လိင် စော်ကားခံထားရသည့်အပြင် လည်ပင်းလည်း ကျိုးနေသည်ဟု ရဲမှူးအင်နန်ဂါနီက ပြောကြားသည်။

ကျန်ယောကျာ်းလေးနှစ်ဦးမှာမူ ဩဂုတ်လအတွင်းက ပျောက်ဆုံးခဲ့သူများဟု ယူဆရပြီး စိစစ်ဖော်ထုတ်နေဆဲဖြစ်သည်။ DNA စစ်ဆေးရန်အတွက်လည်း နမူနာများ စုဆောင်းနေသည်ဟု သိရှိရသည်။ 

ထို့ပြင် ဇွန်လကတည်းက ပျောက်ဆုံးနေသည့် စတုတ္ထမြောက် ယောကျာ်းလေးကိုလည်း ဆက်လက်ရှာဖွေနေကြသည်။

အလီဟတ်စနိန်နှင့် ဆူလီမန်အက် ခရမ်တို့သည် ဩဂုတ်လကတည်းက ပျောက်ဆုံးနေသူများဖြစ်သည်။ ညနေခင်းတွင် ကစားရန်အတွက် အပြင်သို့ထွက်သွားပြီး ညပိုင်းတွင် အိမ်သို့ ပြန်ရောက် မလာတော့ကြောင်း မိဘများက ပြောကြားသည်။ 

ပျောက်ဆုံးနေသောကလေးများအား ရှာဖွေရာတွင် ရဲများက ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ကလေးမိဘများက ပြောကြားသည်။

မိုဟာမက်အီမရန်မှာ ဇွန်လ ကျောင်းပိတ်ရက်အတွင်း ပျောက်ဆုံးခဲ့ပြီး နေ့လယ်စာ စားချိန်တွင် အိမ်သို့ ပြန်မလာတော့ဟု သိရှိရသည်။

ကလေးသူငယ်များ နှိပ်စက်ခံရသည့် အကြောင်းအရာကို အနည်းငယ်သာ အာရုံစိုက်လေ့ရှိသည့် ပါကစ္စတန်နိုင်ငံသည် သမီးလေးဇိုင်နက်ဘ်အား သတ်ဖြတ်ခဲ့သည့် တရားခံကို ပြစ်ဒဏ်ပေးရေးတွင်မူ အထူးအာရုံစိုက်ခဲ့ကြသည်။ ထို့အပြင် ရဲများအား လေ့ကျင့်ပေးရေးနှင့် ထိရောက်သည့် ဥပဒေပြဋ္ဌာန်းရေးတို့ကိုပါ အရေးတယူ ဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

ဇိုင်နက်ဘ်၏ နောက်ဆုံး သွားလာခဲ့သည့် စီစီတီဗီမှတ်တမ်းများကို ရဲတပ်ဖွဲ့က မရှာနိုင်ဘဲ မိဘများက ရှာဖွေရယူနိုင်ခဲ့ပြီးမှ တရားခံကို တရားစွဲနိုင်ခဲ့ခြင်းဖြစ်သည်။ 

မိန်းကလေးငယ်အား လူတစ်ဦးက ခေါ်ဆောင်သွားသည့် စီစီတီဗီဖိုင်သည် လူမှုမီဒီယာတွင် ပျံ့နှံ့သွားခဲ့ပြီး Justice For Zainab လှုပ်ရှားမှုသည်လည်း လူမှုကွန်ရက်တွင် ပေါ်ထွက်လာခဲ့သည်။

DNA စစ်ဆေးပြီးနောက် တရားခံ အာမန်အလီ ၂၄ နှစ်ကို တရားစွဲဆိုကာ သေဒဏ်ချမှတ်ခဲ့သည်။ ၎င်းကို ပြီးခဲ့သော အောက်တိုဘာလက ကွပ်မျက်ခဲ့သည်။ 

F-04


  • VIA