News

POST TYPE

NEWS

အာဖရိကမှရွှေများ တင်သွင်းရောင်းချရန် ဒူဘိုင်းကုမ္ပဏီ လာရောက်ဆွေးနွေး
20-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၉

အာဖရိကမှရွှေများကို မြန်မာနိုင်ငံသို့ တင်သွင်းသန့်စင်ပြီး ပြည်တွင်းတွင် ရောင်းချရန်နှင့် ဒူဘိုင်းသို့တစ်ဆင့် ပြန်လည်တင်ပို့ရန် ဒူဘိုင်းမှကုမ္ပဏီတစ်ခု လာရောက်ဆွေးနွေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

တင်သွင်းမည့်ရွှေပမာဏများသည့်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဆွေးနွေးရန် ဒူဘိုင်းကုမ္ပဏီကို ပြန်လည်ပြောဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။

“ဒူဘိုင်းက ကုမ္ပဏီတစ်ခုက အာဖရိက ရွှေကို မြန်မာနိုင်ငံကိုသွင်းမယ်။ ၈၅၊ ၉၀ ရာခိုင်နှုန်းရွှေတွေပေါ့။ ၂၂ ကာရတ်၊ ၂၃ ကာရတ်ပေါ့။ ပြန်သန့်စင်ပြီး ဈေးအဆင်ပြေရင်လည်း ဒီမှာရောင်းပေးမယ်။ ဒါမှ မဟုတ်ရင်လည်း ဒူဘိုင်းကိုပြန်သယ်မှာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါဒူဘိုင်းကုမ္ပဏီသည် အာဖရိကမှ ရွှေပမာဏ ၂ တန်မှ ၃ တန် ခန့်အထိ တင်သွင်းလိုခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် ဥရောပသမဂ္ဂ (အီးယူ) နှင့် ဟောင်ကောင်သို့လည်း မြန်မာနိုင်ငံမှ ရွှေဆိုင်းနှင့် အခေါက်ရွှေများတင်ပို့ရန် ပြည်တွင်းကုမ္ပဏီနှစ်ခုကို ခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာနှင့်ရွှေတင်သွင်း၊ တင်ပို့ခြင်းများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအဆင့်မီ အရောင်းအဝယ်များ ပြုလုပ်နိုင်ပြီး အလုပ်အကိုင်များနှင့် အရောင်းအဝယ်အတွေ့အကြုံများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

J-11


  • VIA