News

POST TYPE

NEWS

ကွန်တိန်နာယာဉ်ရပ်နားစခန်းတစ်ခု သန်လျင်တွင် တည်ဆောက်မည်
19-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်း ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းတစ်ခုကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းအတွင်း ကွန်တိန်နာယာဉ်များ ရပ်နားမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့နေပြီး ယင်းရပ်ကွက်များတွင် နေထိုင်သူများ စိတ်အနှောင့်အယှက် ကြုံတွေ့နေရကြောင်းနှင့် မည်သို့ဆောင်ရွက် သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က လာရောက်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းတွင် ရပ်နားလျက်ရှိသော ကွန်တိန်နာယာဉ်များကို ဖြေရှင်းရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ ဖွဲ့ကာ ဆောင်ရွက်လျက်ရှိသော်လည်း ကွန်တိန်နာ အစီးရေနှင့် အရွယ်အစားအရ ဖြေရှင်းရန် အခက်အခဲဖြစ်နေသည့်အတွက် ကုန်သေတ္တာယာဉ်များ ရပ်နားရေး အခက်အခဲဖြေရှင်းရန် ယာဉ်ရပ်နားကွင်း အသစ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် အဆိုပါ ယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် သန်လျင်မြို့နယ်အတွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသည့် မြေဧရိယာ ၂၄ ဒသမ ၅၈၈ ဧကကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့မှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်းကို ငှားရမ်းပေးသွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ ကမ်းနားလမ်းတစ်လျှောက် ကုန်သေတ္တာယာဉ်များ ရပ်နားထားမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး ဗိုလ်တထောင် မြို့နယ် (၂) ရပ်ကွက်၊ (၃) ရပ်ကွက်၊ (၄) ရပ်ကွက်နေပြည်သူများ စိတ်အနှောင့်အယှက် ကြုံတွေ့နေရကြောင်း၊ ယင်းကုန်သေတ္တာ ယာဉ်များ ရပ်နားရန်အတွက် ယာဉ်ရပ်နား စခန်းတစ်ခု လိုအပ်နေပြီဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားသည်။

“ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာယာဉ်တွေ ရပ်ထားတော့ လမ်းပိတ်ဆို့မှုတွေလည်း နေ့စဉ် ဖြစ်နေတယ်။ အချို့ယာဉ်တွေက နှစ်ထပ်၊ သုံးထပ် ရပ်ထားတာတွေရှိတော့ ဘယ်လိုမှ အဆင်မပြေပါဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် ကုန်သေတ္တာ ယာဉ်အရေအတွက် ၅၈၀၀ ကျော်ရှိပြီး အဆိုပါ ကုန်တင်ယာဉ်များကို ည ၉နာရီမှ နံနက် ၆နာရီထိ ပြေးဆွဲခွင့်ပေးထားကြောင်း သိရသည်။

J-08



  • VIA