News

POST TYPE

NEWS

ပလတ်စတစ်အိတ် တစ်ရာခန့်အတွင်း ထည့်ထားသော အလောင်း ၂၉ လောင်းကို မက္ကဆီကို အာဏာပိုင်များ တွေ့ရှိ
18-Sep-2019

မက္ကဆီကို၊ စက်တင်ဘာ ၁၈

မက္ကဆီကိုနိုင်ငံ၌ အကြမ်းဖက်ဖြစ်ရပ်များ ဖြစ်ပွားနေသော အနောက်ပိုင်း ဂျယ်လစ်စကိုပြည်နယ်ရှိ လျှို့ဝှက်သင်္ချိုင်းမြေတစ်ခုတွင် ပလတ်စတစ်အိတ်တစ်ရာကျော်ဖြင့် ထုပ်ပိုးထားသော လူသေအလောင်း ၂၉ လောင်းကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု မက္ကဆီကို အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားနေသော လူသတ်မှုများသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း အမြင့်ဆုံးစံချိန်တင် ခုန်တက်သွားခဲ့ပြီး မူးယစ်ရာဇဝတ်ဂိုဏ်းများ ဖိစီးနှိပ်စက်ခံနေရသောနိုင်ငံအား ယခင်နှစ်က လူသတ်မှုအရေအတွက် ၂၉,၁၁၁ မှုကို ကျော်တက်ရန် လမ်းကြောင်းပေါ်သို့ တွန်းပို့လျက်ရှိသည်။

စက်တင်ဘာလ ပထမပတ်အတွင်းက ဇာပိုပန်မြို့နယ်တွင် ဖော်ထုတ်ခဲ့သော ကြောက်မက်ဖွယ်ဖြစ်ရပ်တွင် ကိုယ်လက်အင်္ဂါပြည့်စုံသော အလောင်း ၁၃ လောင်းနှင့် မပြည့်စုံသောအလောင်း ၁၆ လောင်းတို့ကို စုံစမ်းရေးအရာရှိများက တွေ့ရှိခဲ့သည်ဟု ဂျယ်လစ်စကိုပြည်နယ် ရှေ့နေချုပ် ဂျရာဒိုဆိုလစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အသတ်ခံခဲ့ရသူများအနက် အမျိုးသမီးနှစ်ဦးပါဝင်ပြီး အနည်းဆုံးလေးဦးခန့်မှာ ပြစ်မှုမှတ်တမ်းရှိသူများဖြစ်သည်ဟု ပြည်နယ်အစိုးရနှင့် ပြည်နယ်ရှေ့နေချုပ်က ထုတ်ပြန်ပြောကြားသည်။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး အလောင်းအရေအတွက် တိုးလာနိုင်သည်ဟု ပြည်နယ်ရှေ့နေချုပ်ရုံးမှ အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မက္ကဆီကိုနိုင်ငံတွင် မူးယစ်ရာဇဝတ်ဂိုဏ်းများသည် ပြန်ပေးဆွဲခြင်း၊ ပြိုင်ဘက်ဂိုဏ်းများအား သတ်ဖြတ်ခြင်းတို့ကို မကြာခဏ ပြုလုပ်လေ့ရှိပြီး သတ်ဖြတ်ခံရသူများကို နိုင်ငံအနှံ့ ပြန့်ကြဲနေသော လျှို့ဝှက်သင်္ချိုင်းမြေများတွင် တိတ်တဆိတ် မြှုပ်နှံထားကြသည်။

အထက်ပါ အစုအပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုသည် မူးယစ်ရာဇဝတ်ဂိုဏ်းများ၏ အကြမ်းဖက်ဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိသလောဆိုသည်ကို အာဏာပိုင်များက ယခုအထိ ထုတ်ဖော်ပြောကြားခြင်းမပြုသေးပေ။ သို့ရာတွင် ဂျယ်လစ်စကိုပြည်နယ်သည် မူးယစ်ရာဇဝတ်ဂိုဏ်း မြောက်မြားစွာ အခြေစိုက်သော နယ်မြေတစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသောဒေသတစ်ခုဖြစ်သည်။

ဂျယ်လစ်စကိုပြည်နယ်ရှိ နယူးဂျင်နရေးရှင်းရာဇဝတ်ဂိုဏ်းသည် ကမ္ဘာပေါ်တွင် အန္တရာယ်အကြီးဆုံး ရာဇဝတ်ဂိုဏ်း ငါးခုထဲမှ တစ်ခုဖြစ်သည်ဟု အမေရိကန် အာဏာပိုင်များက ပြောဆိုထားသည်။ 

F-04