News

POST TYPE

NEWS

တောင်ယာမြေ ၈၀၀၀ ကျော် သိမ်းဆည်းမှု တရားဥပဒေအရ ညှိနှိုင်းမှုများ ပြုလုပ်မည်
18-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရွှေတောင်မြို့နယ်အတွင်းရှိ တောင်ယာမြေ ၈၀၀၀ ကျော်တွင် နေထိုင်သူများ စက်တင်ဘာလကုန် အပြီးဖယ်ရှားရမည့် သတိပေးမှုကို တရားဥပဒေနှင့်အညီ ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားများသမဂ္ဂအဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဝါးတော၊ ဇယ်မယ်၊ မဲတော၊ ထန်းကုန်းကျေးရွာတွင် အမှတ် ၅၀၉ တပ်ရင်းက အမိန့်ကြေညာချက်ထုတ်ပြန်သည့်အပေါ် စက်တင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အဆိုပါအဖွဲ့နာယက ဦးဆန်းဆင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါနယ်မြေတွင် တောင်သူလယ်သမား ၄၀၀၀ ကျော်ပိုင်ဆိုင်သည့် တောင်ယာမြေ ၈၀၀၀ ကျော်ရှိပြီး အဆိုပါနေရာများကို အမှတ် ၅၀၉ တပ်ရင်းကဖယ်ရှားရမည်ဟု အကြောင်းကြားစာ ပို့ထားခြင်းဖြစ်ကြောင်း အဆိုပါပွဲထံမှ သိရသည်။

“အကူအညီတောင်းသူတွေအတွက် တောင်သူတွေအနေနဲ့ တိုင်ကြားမှုပြုလုပ်ရာမှာ လိုအပ်တဲ့အချက်အလက်တွေနဲ့ လယ်ယာမြေ ပိုင်ဆိုင်မှုဥပဒေအကြောင်း သိထားသင့်တဲ့အကြောင်းအရာတွေကို ပြောပြခဲ့တယ်။ တရားဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ကျွန်တော်တို့အဖွဲ့က ဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားများသမဂ္ဂအဖွဲ့မှ နာယက ဦးဆန်းဆင့်က ရှင်းပြသည်။

လက်ရှိ မြေနေရာများ သိမ်းဆည်းမှုသည် လယ်သိမ်းဥပဒေနှင့် မကိုက်ညီသည့်အတွက် ယခုလို တောင်သူများဘက်က လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါတောင်ယာမြေများကို အဆိုပါတပ်ရင်းက ၁၉၉၂ ခုနှစ်မှစတင်ကာ သိမ်းယူခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လျှင် နှစ်စဉ်ကြေး ၃၅၀၀ မှစတင်ကာကောက်ခံခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ကောက်ခံခဲ့ကြောင်း အဆိုပါတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ဒီနေရာကပြောင်းဆိုရင် ပြောင်းစရာနေရာလည်းမရှိဘူး။ ရွာမှာ ကျောင်းနေအရွယ်ကလေးတွေလည်း အများကြီးရှိတယ်။ မဖြစ်မနေ ပြောင်းဆိုရင် နေစရာမရှိ အကုန်ဒုက္ခရောက်ကုန်မှာပါ”ဟု ဝါးတောကျေးရွာမှ ဦးစန်းဝင်းက ပြောဆိုသည်။

ပြည့်ဖြိုးမြင့်မွန်