News

POST TYPE

NEWS

ဆရာ၊ ဆရာမများ အဝေးသင်ခွင့်ရက် လုံလုံလောက်လောက်ပေးရန် တောင်းဆို
17-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၆

အခြေခံပညာကျောင်း ဆရာ၊ ဆရာမများ အဝေးသင်တက်ချိန်တွင် ခွင့်ရက် လုံလောက်စွာရရှိရေး စက်တင်ဘာလ ၁၆ ရက်က ရန်ကင်းပညာရေးကောလိပ်၌ နံရံကပ်စာစောင်များကပ်၍ တောင်းဆိုခဲ့ကြောင်း ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ကိုသုတစိုးက ပြောကြားသည်။

ယင်းသမဂ္ဂမှ ကျောင်းသားနှစ်ဦးဖြစ်သော ပြန်ကြားရေးတာဝန်ခံ ကိုသုတစိုးနှင့် အဖွဲ့ဝင် ကိုမင်းသူခန့်တို့က လုပ်ဆောင်ခြင်းဖြစ်ပြီး သမဂ္ဂအနေနှင့် ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ ကျောင်းသားတစ်ဦးအနေနှင့် ပြုလုပ်ခြင်းဖြစ်ပြီး စာမေးပွဲကာလဖြစ်၍ အခြားသမဂ္ဂအဖွဲ့ဝင်အချို့က သဘောတူခြင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။

ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားသော အဝေးသင် တက်ရောက်ခွင့်ရက် ၁၇ ရက်သည် ဆရာ၊ ဆရာမများအတွက် လုံလောက်ခြင်းမရှိကြောင်း၊ နယ်ဝေးဒေသတာဝန်ကျသည့် ဆရာများအတွက် အသွားအပြန်ရက်ကိုလည်း ထည့်စဉ်းစားပြီး ခွင့်ရက်အလုံအလောက်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါခွင့်ရက်အတွက် တစ်လ သို့မဟုတ် နှစ်ဆယ့်ငါးရက်ကို ရန်ကင်း ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂက တောင်းဆိုထားပြီး ပညာရေးဝန်ကြီး ဌာနအနေနှင့် ယင်းတောင်းဆိုမှုအတွက် အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အတွင်း ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ရန်ကင်းပညာရေး ကောလိပ်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။ 

အဆိုပါဆန္ဒဖော်ထုတ်မှုကို စက်တင်ဘာ ၁၆ ရက်တွင် ရန်ကင်းပညာရေး ကောလိပ်နှင့် ပခုက္ကူပညာရေးကောလိပ်တို့တွင် ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် မုံရွာ၊ ဟားခါး၊ မကွေး၊ မန္တလေး ပညာရေးကောလိပ်များတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေး ကောလိပ်ကျောင်းသားများထံမှ သိရသည်။ 

ကျော်ဖြိုး




  • VIA