News

POST TYPE

NEWS

သကြားဥပဒေမူကြမ်း ရေးဆွဲပြဋ္ဌာန်းမည်
16-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၆

သကြားတင်ပို့၊ တင်သွင်းခြင်းဆိုင်ရာမူဝါဒများပါဝင်မည့် သကြားဥပဒေမူကြမ်းကို ရေးဆွဲလျက်ရှိပြီး ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းသတ်မှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

သကြားဥပဒေမူကြမ်းကို စိုက်ပျိုးရေးဦးစီးဌာန၊ ကြံသီးနှံဌာနခွဲနှင့် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး ဥပဒေတွင် သကြားစက်ရုံပိုင်းဆိုင်ရာမူဝါဒများ၊ ကြံဝယ်ယူရေးနှင့် သက်ဆိုင်သည့်မူဝါဒများ၊ ဘုတ်အဖွဲ့ဖွဲ့စည်းနိုင်ရေးစသည့်အချက်များ ပါဝင်လာမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

“မူကြမ်းရေးနေတာ တတိယမူကြမ်းတော့ ရောက်နေပြီ။ ခေတ်နဲ့မကိုက်ညီတာတွေဖယ်ထုတ်ပြီး ခေတ်နဲ့ညီတဲ့အချက်တွေထည့်တာတွေ လုပ်နေတယ်။ ဥပဒေအထဲမှာ ဘုတ်အဖွဲ့ဖွဲ့ပြီး သကြားတစ်တန်အပေါ်မှာ ဘယ်လောက်ကောက်မလဲ ဆိုတာတွေပါလာမယ်။ သကြားဈေးတွေ ထိုးကျသွားရင် တောင်သူတွေကို ထောက်ပံ့ကြေးတွေ ပြန်ပေးမယ်ပေါ့”ဟု ဦးဝင်းဌေးက ပြောဆိုသည်။

မူကြမ်းရေးဆွဲပြီးပါက ရှေ့နေချုပ်ရုံးသို့တင်ပြပြီး ဥပဒေမူကြမ်းပြုစုရေး ကော်မရှင်သို့ ဆက်လက်တင်ပြကာ နောက်ဆုံးအဆင့်အနေနှင့် လွှတ်တော်သို့တင်ပြ၍ ဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း နေပြည်တော်တွင် Myanmar Sugar Forum ပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်တွင် ကြံစိုက်ခင်းများမှ စက်ရုံသို့ကြံသယ်ယူရာတွင် တိုးဂိတ်ဖြတ်သန်းခ၊ တံတားဖြတ်သန်းခနှင့် မြို့ဝင်ကြေးများ ကင်းလွတ်ခွင့်ရရှိရေး၊ ပြည်တွင်းသကြားလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကာလအထိ Re-Export သကြား တင်သွင်းခွင့်ကိုပိတ်ပင်ထားရေး၊ တရားမဝင် သကြားများဝင်ရောက်နေမှုကို တရားမဝင် ကုန်သွယ်မှုတားဆီးရေး ကော်မတီမှ ပိုမိုထိရောက်စွာ တားဆီးပေးရေး စသည့်အချက်များ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ထို့ပြင် တရုတ်နိုင်ငံသို့ သကြားတင်ပို့ရောင်းချနိုင်ရေးအတွက် အစိုးရချင်း ချိတ်ဆက်ရောင်းချခွင့်ရရှိရေး၊ လယ်မြေတွင် ကြံသီးနှံပြောင်းလဲစိုက်ပျိုးခွင့်ရရှိရေး၊ ပုံစံ ၇ မရှိသော်လည်း နှစ်စဉ်ကြံစိုက်ပျိုးနေသည့်မြေများကို လုပ်ပိုင်ခွင့်ရရှိရေး၊ ကြံစိုက်တောင်သူများစက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် အငှားလိုက်စနစ် သို့မဟုတ် နှစ်ဆင့်ချေးငွေဖြင့် ဝယ်ယူရေးအတွက် သတ်မှတ်ချက်များဖြေလျှော့ပေးရန် စသည့်အချက်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

J-11