News

POST TYPE

NEWS

ရွှေပေါက္ကံတွင် လင်မယားစကားများရာမှ လူသတ်မှုဖြစ်
16-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၆

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်တွင် စက်တင်ဘာ ၁၅ ရက် ညပိုင်းက လင်ငယ်နေသည်ဟု ဇနီးကို စွပ်စွဲပြောဆိုကာ ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၁ နှစ် အမျိုးသမီးမှာ ရွှေပေါက္ကံမြို့သစ်၊ (၂၁) ရပ်ကွက်၊ အဆောင်တစ်ဆောင်ရှိ အခန်းတွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ည ၁၀ နာရီခွဲက ခင်ပွန်းဖြစ်သူ အေးသွင် (ခ)အောင်ကိုလတ်မှ အရက်မူး၍ ၎င်းကို လင်ငယ်နေသည်ဟု စွပ်စွဲပြောဆိုသဖြင့် လင်မယားနှစ်ဦး စကားများရန်ဖြစ်ခဲ့ကြသည်။

ယင်းနောက် အေးသွင် (ခ) အောင်ကိုလတ် (၄၀) နှစ်မှ ကြက်သွန်လှီးဓားဖြင့် ထိုးသောကြောင့် ဇနီးဖြစ်သူမှာ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာရခဲ့ပြီး အခန်းချင်းကပ် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ အကူအညီဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အေးသွင် (ခ) အောင်ကိုလတ်ကို ဖမ်းဆီးပြီး ရွှေပေါက္ကံနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA