News

POST TYPE

NEWS

တရားရုံးအာမခံဖြင့် အချုပ်လွတ် အမှုရင်ဆိုင်နေသူက အမျိုးသားနှစ်ဦးကို ဓားဖြင့်ခုတ်၊ တစ်ဦးသေဆုံး
16-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ ရေးမြို့တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက တရားရုံးအာမခံဖြင့် အချုပ်လွတ် အမှုရင်ဆိုင်နေရသည့် အမျိုးသားက အမျိုးသားနှစ်ဦးကို ဓားဖြင့်ခုတ်သောကြောင့် အသက် ၉၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှု ကျူးလွန်ခဲ့သူ အောင်တင်ဝင်း (၄၆ နှစ်)မှာ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား မဆောင်ရွက်နိုင်စေရန် ဟန့်တားနှောင့်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၃ ဖြင့် တရားစွဲဆိုခံထားရသူဖြစ်ပြီး တရားရုံး အာမခံဖြင့် အမှုအား အချုပ်လွတ်ရင်ဆိုင်နေရချိန်တွင် ၎င်းက ယင်းဖြစ်စဉ်ကို ထပ်မံကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဓားဖြင့်ခုတ်သတ်ခံရသူ အသက် ၉၅ နှစ်အရွယ် ဦးတယ် (ခ) ဦးဒိုင်းမှာ ကျောင်းရွာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် နံနက်အစောပိုင်းက ၎င်း၏သားဖြစ်သူ နေအိမ်ရှေ့တွင် အောင်တင်ဝင်းက အော်ဟစ်ဆဲဆိုပြီး စိန်ခေါ်နေသဖြင့် ဝင်ရောက်ဖျန်ဖြေရာမှ ဓားဖြင့်ခုတ်သတ်ခံရခြင်းဖြစ်သည်။

လူသတ်မှု ကျူးလွန်သူ အောင်တင်ဝင်းမှ ရေးမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်စဉ် လမ်း၌တွေ့ဆုံခဲ့သူ ဦးမောင်ပဲ (၇၀ နှစ်)ကိုပါ ဓားဖြင့်ခုတ်ခဲ့ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ၎င်းအား ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းရှာဖွေခဲ့ရာ အခင်းဖြစ်နေ့ နံနက် ၈ နာရီတွင် ရေးမြို့၊ ပုပ္ပဝတီကျေးရွာ၌ အောင်တင်ဝင်းကို ဖမ်းမိခဲ့သည်။

“ပြစ်မှုကျူးလွန်သူ အောင်တင်ဝင်းဆီကနေ စိတ်ကြွရူးသွပ်ဆေးပြားတွေပါ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်။ လတ်တလော ဆေးကြောင်နေတော့ ဘာမှစစ်ဆေးလို့ မရသေးတာကြောင့် လူသတ်မှုကို ဘာကြောင့် ကျူးလွန်ခဲ့တယ်ဆိုတာ မသိရသေးဘူး”ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။

စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ ဖမ်းမိခဲ့သော အောင်တင်ဝင်းကို ရေးမြို့မရဲစခန်းမှ (ပ) ၂၇၄၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03