News

POST TYPE

NEWS

မက္ကဆီကိုနိုင်ငံ ရေတွင်းထဲမှာ လူသေ ၄၄ အလောင်းတွေ့ရှိ
15-Sep-2019


ဂွါဒါလာဂျာရာ၊ စက်တင်ဘာ ၁၅

ဒုစရိုက်ဂိုဏ်းများ၏ အပြတ်ရှင်း တိုက်ခိုက်မှုများ မကြာခဏ ဖြစ်လေ့ရှိရာ မက္ကဆီကိုနိုင်ငံတွင် ပြည်နယ်တစ်ခု၌ ရေတွင်းတစ်ခုအတွင်း လူသေအလောင်း ၄၄ လောင်းကို ဖျောက်ဖျက်ထားခြင်းအား တွေ့ရှိရသည်ဟု အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဂွါဒါလာဂျာရာ မြို့အပြင်ဘက်တွင် အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည့် ရုပ်ကြွင်းများကို တွေ့ရှိရခြင်းဖြစ်သည်။

အနံ့မကောင်းသဖြင့် ဒေသခံများက စက်တင်ဘာလအစောပိုင်းတွင် စတင် တိုင်တောလာကြရာမှ ယင်းသို့ လူသတ်မှုကြီး သတင်းထွက်လာခြင်းဖြစ်သည်။

အခင်းဖြစ်ရာ ဧရိယာသည် မက္ကဆီကိုရှိ မူးယစ်ဆေးဝါး ဂိုဏ်းများ အကြမ်းဖက် လှုပ်ရှားကြရာ နယ်မြေဖြစ်ပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် လူသတ်ကွင်းကို ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။

ခန္ဓာကိုယ် အစိတ်အပိုင်းများက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်နေသည်ဖြစ်ရာတွင် မှုခင်းကျွမ်းကျင် ပညာရှင်များက မည်သူမည်ဝါဖြစ်သည်ကို သေချာစစ်ဆေးလျက်ရှိသည်။

ပျောက်ဆုံးနေသူများအတွက် ကူညီပေးနေကြသူများက အစိုးရအနေဖြင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်စေရန် မှုခင်းကျွမ်းကျင်များ ပိုလွှတ်ပေးရန် တောင်းဆိုထားသည်။ 

F-02




  • VIA