News

POST TYPE

NEWS

စစ်အေးခေတ်က ခိုဖြင့်ထောက်လှမ်းရေး စီမံချက်ကို စီအိုင်အေ ထုတ်ပြ
15-Sep-2019


ဝါရှင်တန်၊ စက်တင်ဘာ ၁၄

အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန စီအိုင်အေသည် စစ်အေးခေတ်က ခိုငှက်များသုံး၍ ထောက်လှမ်းခဲ့မှုကို ကန့်သတ်အဆင့် ဖြေလျှော့ကာ ထုတ်ပြလိုက်သည်ဟု BBC သတင်းတွင်ဖော်ပြ ထားသည်။

ဆိုဗီယက်ယူနီယံအတွင်းရှိ ခက်ခဲသောနေရာများတွင် လျှို့ဝှက်ဓာတ်ပုံ ရိုက်ကူးရန်အတွက် ခိုငှက်များအား လေ့ကျင့်ပေးခဲ့ပုံကို အဆိုပါဖိုင်များတွင် ဖော်ပြထားသည်။

ထို့ပြင် ပြတင်းပေါက်များတွင် အသံဖမ်းကိရိယာထားရန် ကျီးကန်းများအား အသုံးပြုခဲ့ပုံနှင့် ရေအောက် ထောက်လှမ်းရေးလုပ်ငန်းများအတွက် လင်းပိုင်များအား လေ့ကျင့်ပေးခဲ့ပုံများကိုလည်း ဖော်ပြထားသည်။

တိရစ္ဆာန်များသည် လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများအတွက် ထူးခြားသည့်တာဝန်များကို အပြည့်အဝ လုပ်ဆောင်ပေးနိုင်သည်ဟု စီအိုင်အေက ယုံကြည်ခဲ့သည်။

ယခု ပိတ်ထားသော လန်ဂလေဌာနချုပ်အတွင်းမှ ပြခန်းတွင် ကင်မရာချိတ်ဆွဲပေးထားသော ခိုငှက်များကို ပြသထားသည်ဟု သိရှိရသည်။

၁၉၇၀ ခုနှစ်များက တာကာနာဟု အမည်ဝှက်ပေးထားသော စီမံကိန်းသည် အသေးစား ကင်မရာ ချိတ်ဆွဲပေးထားသော ခိုငှက်များအား လေ့ကျင့်ပေးကာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထူးဆန်းမှုမရှိသော ခိုများ ပိုင်ဆိုင်ထားသည့် အံ့မခန်းအရည်အသွေးတစ်ခုမှာ ၎င်းတို့ မရောက်ဖူးသောနေရာသို့ ချပေးလိုက်ပါက မိုင်ရာချီဝေးသည့် အိမ်ပြန်လမ်းကို ရှာဖွေနိုင်ခြင်းပင်ဖြစ်ပြီး ထိုအချက်ကို စီအိုင်အေက အသုံးချခဲ့ခြင်းဖြစ်သည်။

ခိုကို စာပို့ရန်အတွက် လွန်ခဲ့သော နှစ်ထောင်ချီကာလကပင် အသုံးပြုခဲ့သော်လည်း ထောက်လှမ်းရေးတာဝန်အတွက် အသုံးချခြင်းကိုမူ ပထမကမ္ဘာစစ်အတွင်းက စတင်ခဲ့သည်ဟု သိရှိရသည်။

ဒုတိယကမ္ဘာစစ်အတွင်းကလည်း ဗြိတိသျှထောက်လှမ်းရေး MI14 က လျှို့ဝှက်ခို ဌာနစိတ်ကို ထူထောင်ကာ မေးခွန်းစာရွက် ချည်နှောင်ပေးထားသော ခိုငှက် ၁၀၀၀ ကျော် ပါဝင်သောပုံးများကို လေထီးဖြင့် ဥရောပတိုက် ဂျာမန်သိမ်းထားသော နယ်မြေများပေါ်သို့ ချပေးခဲ့သည်။ ထိုခိုများသည် ဂျာမန် ဒုံးကျည်နှင့် ရေဒါ စခန်း အသေးစိတ်သတင်းများကို ရေးပေးလိုက်သည့် စာများနှင့်အတူ အိမ်ပြန်လာနိုင်ခဲ့ကြသည်။

စီအိုင်အေ ခိုငှက်များတွင် တပ်ဆင်ပေးသော ကင်မရာသည် ဒေါ်လာ ၂၀၀၀ ခန့် တန်ဖိုးရှိပြီး အလေးချိန် ၃၅ ဂရမ် ရှိသည်။ အဆိုပါ ကင်မရာများက ရိုက်ကူး ရရှိလာသော ပုံရိပ်အရည်အသွေးသည် ထိုကာလက ထောက်လှမ်းရေးဂြိုဟ်တုမှ ရရှိသော ဓာတ်ပုံများထက် များစွာမြင့်မားသည်ကို ပညာရှင်များက စမ်းသပ်တွေ့ရှိခဲ့ကြသည်။

ထို့နောက်တွင် ဆိုဗီယက်ရုရှားရှိ အထူးပစ်မှတ်များကို ထောက်လှမ်းရန်အတွက် လေ့ကျင့်ထားသော ခိုများကို ဆိုဗီယက်ရုရှားသို့ ကုန်စည်များနှင့်အတူ ပို့ဆောင်ခဲ့ပြီး စီအိုင်အေသူလျှိုများက ပစ်မှတ်နေရာအနီးတွင် ကားရပ်နားကာ ကြမ်းပြင်ရှိအပေါက်မှ ခိုများကို လွှတ်ပေးသည့်နည်းကို အဓိက အသုံးပြုခဲ့ခြင်းဖြစ်သည်။ 

F-04


  • VIA