News

POST TYPE

NEWS

ဘရိတ်ဇစ် သဘောတူစာချုပ်အပေါ် ဘောရစ်ဂျွန်ဆင် သတိထား၍ အကောင်းမြင်
15-Sep-2019


လန်ဒန်၊ စက်တင်ဘာ ၁၄

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လာမည့်အပတ် အီးယူ အကြီးအကဲများနှင့် ပထမဆုံး မျက်နှာချင်းဆိုင် တွေဆုံမှု မတိုင်မီတွင် ဘရိတ်ဇစ် သဘောတူစာချုပ်နှင့်ပတ်သက်၍ သတိထားပြီး အကောင်းရှုမြင်ထားကြောင်း သောကြာနေ့က ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

ဘောရစ်ဂျွန်ဆင်သည် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျွန်ကလော့ဂျန်ကာ၊ အီးယူ ဘရိတ်ဇစ် ညှိနှိုင်းရေးမှူး မိုက်ကယ် ဘာနီယာတို့နှင့် တနင်္လာနေ့ လူဇင်ဘတ်တွင် တွေ့ဆုံရန်ရှိသည်။

အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထား၍ အီးယူမှနုတ်ထွက်ရမည့် ဘရိတ်ဇစ်စာချုပ်အပေါ် ဂျွန်ဆင်၏ အကောင်းမြင်မှုသည် ဘရပ်ဆယ်မှ အီးယူ တာဝန်ရှိသူများ၏အမြင်နှင့် ကွဲလွဲလျက်ရှိသည်။

အကဲဆတ်နေသော အိုင်ယာလန် နယ်စပ်ကိစ္စတွင် နှစ်ဖက် သဘောတူညီမှုရရန် နီးစပ်လာပြီဟု ယူဆမှုများကြောင့် ဗြိတိန်ပေါင် စတာလင်သည် သောကြာနေ့ က ၁ ရာခိုင်နှုန်း တန်ဖိုးတက်လာခဲ့သည်။

သို့ရာတွင် အိုင်ယာလန်ဝန်ကြီးချုပ် လီယိုဗာရက်ကာကမူ လန်ဒန်နှင့် ဘရပ်ဆဲအကြား ကွာဟချက်များနေဆဲဟု မှတ်ချက်ပေးသည်။

ဘောရစ်ဂျွန်ဆင်ကမူ ဘရိတ်ဇစ် နောက်ဆုံးသတင်းများကို လူထုက သိသင့်သည်ဟု ပြောဆိုခဲ့ပြီး စာချုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အောက်တိုဘာလ ၃၁ ရက်တွင် ထွက်ကိုထွက်မည်ဟု ပြောကြားထားသည်။

အီးယူ ပြောရေးဆိုခွင့်ရှိသူ နာတာရှာဘာတော့က ဂျန်ကာနှင့် ဂျွန်ဆင်တို့ နေ့လယ်စာစားရင်း ဆွေးနွေးကြမည်ဟု ပြောကြားသည်။

ညှိနှိုင်းမှုတွင် ခက်ခဲနေသောကိစ္စမှာ ဘရိတ်ဇစ်အလွန်တွင် ယူကေ-အိုင်ယာလန် နယ်စပ်ကို ကုန်သွယ်ရေးအတွက် ယခင်အတိုင်း ဆက်ဖွင့်ထားရေးဖြစ်သည်။ 

အိုင်ယာလန်ဝန်ကြီးချုပ်က အီးယူနှင့် ယူကေ ကွာဟချက် ကြီးမားနေသည်ဟု ပြောဆိုထားသည်။

အဆိုပါကိစ္စသည် ဘရပ်ဆဲနှင့် ထရီဇာမေတို့ ညှိနှိုင်းခဲ့သော ဘရိတ်ဇစ် စာချုပ်မှ အချက်တစ်ခုဖြစ်သည်။ ထိုစာချုပ်ကို ဗြိတိန်ပါလီမန်က သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့ပြီးနောက် ထရီဇာမေ ရာထူးမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

ဗြိတိန်ပါလီမန်ကမူ အောက်တိုဘာ ၁၇-၁၈ အီးယူထိပ်သီးညီလာခံတွင် သဘောတူညီမှုမရပါက အောက်တိုဘာ ၃၁ ရက် နောက်ဆုံးသတ်မှတ်ရက်ကို သက်တမ်းတိုးဖို့ ကြိုးစားရန် ဝန်ကြီးချုပ်ကို အကြံပြုသည့် ဥပဒေကို အတည်ပြုပေးထားသည်။

သို့ရာတွင် ဘောရစ်ဂျွန်ဆင်ကမူ အောက်တိုဘာ ၃၁ ရက် အချိန်မီ နုတ်ထွက်မည်ဟု အခိုင်အမာ ပြောဆိုလျက်ရှိသည်။

လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘာကိုက ဝန်ကြီးချုပ်ဂျွန်ဆင်အား ဘရိတ်ဇစ် ဆိုင်းငံ့ရေးကို တောင်းဆိုရန် ငြင်းပယ်ခြင်းဖြင့် လွှတ်တော်က ပြဋ္ဌာန်းပေးထားသော ဥပဒေကို မလိုက်နာဘဲ ရှောင်ကွင်းခြင်း မပြုရန် ကြာသပတေးနေ့က သတိပေးထားသည်။  

F-04


  • VIA