News

POST TYPE

NEWS

မြောက်ပိုင်းသုံးဖွဲ့နှင့် ဆွေးနွေးပွဲမတိုင်ခင် တရုတ်အထူးကိုယ်စားလှယ်နှင့် တပ်ချုပ် တွေ့ဆုံ
15-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၄

မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ စက်တင်ဘာလ ၁၃ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang နှင့် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း၌ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးရန်ရှိနေပြီး ယင်း တွေ့ဆုံမှုမတိုင်မီ တရုတ် အာရှရေးရာ ကိုယ်စားလှယ်နှင့် တပ်ချုပ်တို့ ယခုလို တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ ကောင်စစ်ဝန် Mrs. Yang Shou Zheng နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းတွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ဆွေးနွေးကြကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် AA၊ TNLA၊ MNDAA အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို တရုတ်နိုင်ငံက လက်မခံဘဲ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချသည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ ရပ်တည်ဆောင်ရွက်ချက်များအား တရုတ်နိုင်ငံက ထောက်ခံအားပေး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှုရရှိရေး ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း တပ်ချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့ တွေ့ဆုံမည့် ကျိုင်းတုံဆွေးနွေးပွဲတွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ Biletral လက်မှတ်ရေးထိုးနိုင်ရေးအတွက် NRPC နှင့် ဆွေးနွေးသွားသည့် အချက်များတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည့်အတွက် တပ်မတော် ကိုယ်စားလှယ်များအနေနှင့် ယင်းအချက်များကို ဆွေးနွေးရန်ရှိကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက The Voice သတင်းစာသို့ ပြောကြားထားသည်။ 

“Biletral ထိုးနိုင်ဖို့ အပိုင်းတွေမှာ တပ်နဲ့ သက်ဆိုင်ရာအပိုင်းတွေ၊ ပါလာမယ့် အပိုင်းတွေကို ကျွန်တော်တို့ ဆွေးနွေးဖို့ရှိပါတယ်။ ကျွန်တော်တို့ဆီကနေ နယ်မြေဒေသနဲ့ဆိုင်တဲ့ စေ့စပ် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ရှစ်ဦးနဲ့ ကျွန်တော်တို့ ဖွဲ့စည်းထားတာရှိပါတယ်။ အဲဒီထဲက နယ်မြေဒေသနဲ့ သက်ဆိုင်တဲ့ တပ်က အဖွဲ့တွေ ပါပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တပ်မတော်အနေနှင့် မြောက်ပိုင်းလက်နက်ကိုင်ဒေသများသို့ အပစ်ရပ် ကြေညာထားပေးပြီး မြောက်ပိုင်းသုံးဖွဲ့ကလည်း တစ်လတာ အပစ်အခတ် ရပ်စဲကြောင်း၊ ထိုးစစ်များ ရပ်တန့်မည်ဖြစ်ကြောင်း ကြေညာချက်များကို ထုတ်ပြန်ထားပြီးဖြစ်သည်။

ကျိုင်းတုံဆွေးနွေးပွဲ အောင်မြင်စေလိုပါက တရုတ်နိုင်ငံကို နားလည် သဘောပေါက်စေရန် အစိုးရနှင့် တပ်မတော်ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မည်သည့်ပုံစံနှင့် သွားမည်ကို ရှင်းပြရန်လိုအပ်ကြောင်း တရုတ်နိုင်ငံကို စည်းရုံးနိုင်မှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူ တစ်ဦးဖြစ်သူ ဦးရဲထွန်း (သီပေါ) က ပြောကြားသည်။

“တရုတ်နိုင်ငံကလည်း ကျွန်တော်တို့အပေါ် စိတ်ကောင်းစေတနာကောင်းထားဖို့ လိုတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်း ပဋိပက္ခကို အသုံးချပြီး ကစားဖို့ပဲ ရည်မှန်းထားမယ်ဆိုရင်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးက ဘယ်တော့မှ ရမှာ မဟုတ်တော့ဘူး။ တိုက်ပွဲဖြစ်လိုက်။ အပစ်အခတ် ပြန်ရပ်စဲလိုက်၊ ဆွေးနွေးလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေမယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ လလယ်ပိုင်းက မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA လက်နက်ကိုင်အဖွဲ့များက ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုး၊ ကွတ်ခိုင် စသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကာ တရုတ်နိုင်ငံနှင့် မြန်မာအကြား ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရသည်။

J-08



  • VIA