News

POST TYPE

NEWS

မိမိရင်သား ကိုယ်တိုင်စမ်းသပ်နည်း နည်းပြသင်တန်း ပြုလုပ်မည်
14-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၄

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ စမ်းသပ်ကြည့်ရှု ရင်သားကင်ဆာဂရုပြုစီမံကိန်းတွင် မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း နည်းပြသင်တန်းကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

ယင်းသင်တန်းကို အသက် ၂၀ ပြည့်ပြီးသည့် အမျိုးသမီးတိုင်း ရင်သားကင်ဆာရောဂါနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ၎င်းတို့ကိုယ်တိုင် စမ်းသပ်ကြည့်ရှုတတ်မြောက်စေရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသမီးများနှင့် ပူးပေါင်းဆောင်ရွက်မည့် အရပ်ဘက် အဖွဲ့အစည်းများအနေနှင့် အဖွဲ့အစည်း အမည်၊ လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနှင့် အီးမေးလ်၊ သင်တန်းတက်ရောက်မည့်သူများစာရင်းကို စက်တင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ [email protected] နှင့် ဖုန်းနံပါတ် ဝ၉-၂၅၀၅၀၇၀၈၃ သို့ ပေးပို့ရမည်ဖြစ်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ဖော်ပြထားသည်။

ရင်သားကင်ဆာသည် ဆောလျင်စွာ သိရှိဖော်ထုတ်ပြီး အချိန်မီစောစော ကုသမှုခံယူခြင်းဖြင့် ရင်သားကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသနိုင်သည့်အတွက် အမျိုးသမီးထုအတွင်း ယင်းစမ်းသပ်နည်းကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ပြန်လည်သင်ကြားပေးနိုင်မည်ဖြစ်ပြီး ယင်းသင်တန်းကို ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

J-12