News

POST TYPE

NEWS

အန္တရာယ်ပြုလာသည့် ဆန္ဒပြလူအုပ်ကြီးကြောင့် မိုးပေါ်သို့ သေနတ်ပစ်ဖောက်လိုက်ရဟု ဟောင်ကောင်ရဲတပ်ဖွဲ့ ပြောကြား
02-Sep-2019



ဟောင်ကောင်၊ စက်တင်ဘာ ၁ 

ဟောင်ကောင်ရှိ ဗစ်တိုးရီးယားပန်းခြံတွင် စနေနေ့က နောက်ဆုံးပေါ်ပေါက်ခဲ့သည့် ဆူပူဆန္ဒပြပွဲကြီးတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးသည် အသက်အန္တရာယ်ခြိမ်းခြောက် ခံလာရသည်အထိ ဆန္ဒပြသူများ၏ ဖိအားပေးခံလာရခြင်းကြောင့် မိုးပေါ်သို့သေနတ် နှစ်ချက် ပစ်ဖောက်ခဲ့ရကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ရဲအရာရှိနှစ်ဦးကို ဆူပူအကြမ်းဖက်သည့် ဆန္ဒပြလူအုပ်ကြီးက ဝိုင်းရံတိုက်ခိုက်ခဲ့ကြပြီး အချို့က ရဲအရာရှိ၏ သေနတ်ကို လုယူရန် ကြိုးစားခဲ့သည်။ ယခုလို အသက်ကို အန္တရာယ်ပြုသည်အထိ ခြိမ်းခြောက်လာသောကြောင့် အဆိုပါရဲတပ်ဖွဲ့ဝင်များအနေနှင့် မိမိကိုယ်မိမိကာကွယ်သည့်အနေနှင့် မိုးပေါ်သို့ သေနတ်နှစ်ချက်ပစ် ဖောက်ခဲ့ရခြင်းဖြစ်သည်ဟု ဟောင်ကောင် ရဲတပ်ဖွဲ့၏ ကြေညာချက်က ဆိုသည်။ 

စနေနေ့ ညနေပိုင်း ဟောင်ကောင် မြို့လယ်တွင် ဆန္ဒပြသူများကိုရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် နှိမ်နင်းခဲ့ရာ ယမ်းပုံမီးကျအခြေအနေဖြစ်ပေါ်ခဲ့သည်။ ဟောင်ကောင်တွင် ယခုအခါ လူစုလူဝေးဖြင့် ဆန္ဒပြမှုကိုအာဏာပိုင်များက ကန့်သတ်ပိတ်ပင်လိုက်ပြီဖြစ်သော်လည်း ဆန္ဒပြသူများက မရမကလူစုဝေး ဖွဲ့ခြင်း၊ မီးပုံရှို့ခြင်း၊ ဓာတ်ဆီဗုံးများဖြင့် တိုက်ခိုက်ခြင်း စသည်တို့ လုပ်ဆောင်လာသောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် လူစုခွဲရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ထို့ပြင် အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများစုဝေး နေထိုင်လျက်ရှိသည့် မြေအောက်ဘူတာရုံများကို ဝင်ရောက်စီးနင်းပြီး ၎င်းတို့ကို လူစုခွဲခဲ့သည်။ 

ရုပ်သံသတင်းများတွင် ဘူတာရုံ၌ ရိုက်နှက်ခံနေရသော ဆန္ဒပြသူများ၊ တရွတ်တိုက်ဆွဲခံနေရသူများကို မြင်တွေ့ရသည်။ ဟောင်ကောင်တွင် ပြေးဆွဲသည့် မီးရထားလမ်းပိုင်းငါးခုကိုလည်း ဆန္ဒပြသူများ ပိတ်ဆို့ခြင်းကြောင့် ပိတ်ထားရသည်။ 

လူမှုကွန်ရက်မီဒီယာများပေါ်သို့ တက်လာသော ဗီဒီယိုများတွင် ဆန္ဒပြသူများဟု ယူဆရသူများမှာ ဆန္ဒပြပွဲမှအပြန် မြေအောက်မီးရထားဘူတာရုံတွင် ဖမ်းဆီးထိန်းသိမ်းခံကြရသည်ကို တွေ့ရသည်။ 

ရဲတပ်ဖွဲ့ကမူ ဆူပူသောင်းကျန်းသည့် ဆန္ဒပြသူများကိုသာ မြေအောက်ဘူတာရုံ နှစ်ခုတွင် ဖမ်းဆီးခြင်းဖြစ်သည်ဟုဆိုသည်။ ရဲတပ်ဖွဲ့အဆိုအရ ဘူတာရုံအတော် များများမှာ ဖျက်ဆီးခြင်းခံခဲ့ရသည်။ 

ဆန္ဒပြသူတချို့သည် အသုံးအဆောင်ပစ္စည်းများကို သံလမ်းပေါ်သို့ ပစ်ချခဲ့ကြသည်။ ဘူတာရုံထဲတွင် မီးပုံရှို့ကြရာ အခြားသောခရီးသည်များ၏ လုံခြုံရေးအတွက် အထူးပင်စိုးရိမ်ရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ 

မောင်ကွန်၊ ပရင့်အက်ဒဝပ်၊ ကောင်လွန်ဘေး အစရှိသည့် ဘူတာရုံသုံးခုကို ပိတ်ထားပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 

ဟောင်ကောင်အာဏာပိုင်များသည် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျော့ရှုဝါဝေါင်အပါအဝင် အထင်ကရ ခေါင်းဆောင်များကိုဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်သည်။ 

F-01