News

POST TYPE

NEWS

ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ကို အမြန်ဆုံးဖျက်သိမ်းရန် အစိုးရကို တိုက်တွန်း
02-Sep-2019



ရန်ကုန်၊ စက်တင်ဘာ ၁ 

လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားသော ပုဒ်မများဖြစ်သည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့အား အမြန်ဆုံးဖျက်သိမ်းသင့်ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု) အဖွဲ့က အစိုးရကို အကြံပြု တိုက်တွန်းလိုက်သည်။ 

စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ 

ယခုနှစ်၏ ပထမ ၆ လပတ်ကာလအတွင်း တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ သတင်းသမားများ၊ အနုပညာရှင်များ၊ မိမိလယ်ယာမြေအရေးအတွက် ရင်ဆိုင်တိုက်ပွဲဝင်နေသူများ၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွင် ကိုယ်ပိုင်အမြင် ဝေဖန်ရေးသားသူများ စသည့်အရပ်သားပြည်သူ ၂၅၀ ဦး ဥပဒေပုဒ်မမျိုးစုံဖြင့် အမှုတွဲပေါင်း ၇၀ ကျော်ဖြင့် တရားစွဲခံရပြီးနောက် ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းရန် အစိုးရကို အကြံပြုရခြင်းဖြစ်ကြောင်း အသံအဖွဲ့မှ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောသည်။

“နိုင်ငံရေးအရ ဝေဖန်ရင် ၆၆ (ဃ) နဲ့ တရားစွဲတယ်ဆိုတာကိုက မှားယွင်းနေတာ”ဟု ၎င်းက ဆိုသည်။

ပထမ ၆ လပတ်စာရင်းအရ သတင်းရယူမှု၊ ဖော်ပြမှု၊ ဖြန့်ဝေမှုများကြောင့် သတင်းထောက်များ၊ အယ်ဒီတာများ တရားစွဲဆိုခံရမှု ၈ မှုရှိပြီး စုစုပေါင်းသတင်းသမား ၁၁ ဦး တရားစွဲဆိုခံရကာ တရားစွဲဆိုမှု ၈ မှုတွင် တပ်မတော်က ၃ မှု၊ ရဲတပ်ဖွဲ့က ၂ မှု၊ စီးပွားရေးလုပ်ငန်းရှင်က ၃ မှုရှိကာ ဆက်သွယ်ရေးဥပဒေကိုအသုံးပြု၍ တရားစွဲဆို မှုမှာ ၂၆ မှုရှိပြီး တရားစွဲဆိုခံရသူဦးရေ ၄၀ ဦးရှိနေသဖြင့် ယင်းဥပဒေများကို အမြန်ဆုံး ဖျက်သိမ်းသင့်ကြောင်း အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

“အကြောက်တရား လွှမ်းမိုးကြီးစိုးနေတယ်။ ဟိုတုန်းက အချိန်တွေကို ပြန်ရောက်သွားတယ်။ ဒီမိုကရေစီ သွားနေပါတယ်ဆိုတာ ပြောလို့တောင်မရဘူး။ NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်နိုင်တဲ့ ဥပဒေဆိုတာ မရှိတော့ဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅၀၅ (က) (ခ) တို့ဖြင့် ၂၀၁၉ ခုနှစ် ပထမ ၆ လတာကာလပတ်အတွင်း တရားစွဲဆိုခံရမှု ၁၁ မှုရှိပြီး တရားစွဲဆိုခံရသူ ၅၀ ဦးရှိကာ နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲဆိုခံရ မှု ၂၁ မှုရှိပြီး တရားစွဲဆိုခံရသူဦးရေမှာ ၇၈ ဦးရှိကြောင်း အသံအဖွဲ့ထံမှ သိရသည်။ 

ဒီမိုကရေစီ အစိုးရဟုဆိုသော်လည်း လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်ကွက်နေသည်ဟုမြင်ပြီး ပြောဆိုတဲ့အကြောင်း အရာများအပေါ်တွင် ဥပဒေများဖြင့် ကန့်သတ်ထားပြီး ထုတ်ပြန်ထားသောဥပဒေများ၏ အားနည်းချက်မှာ ပြောနေခြင်းများကို ကန့်သတ်ခြင်းအပြင် ပြောဆိုသူများ၏ အခွင့်အရေးကိုပါ ပိတ်ပင်ထားကြောင်း အသံအဖွဲ့မှ ဆရာမ ဝေဖြိုးမြင့်က ပြောသည်။

“ဥပဒေကိုပြင်ရင်ပြင်၊ မပြင်ရင် ဖျက်သိမ်း။ ဒါမှမဟုတ်ရင် တပ်မတော်က တရားတွေထပ်စွဲနေဦးမှာပဲ”ဟု ၎င်းက ဆိုသည်။

ဒီမိုကရေစီအစိုးရဟုဆိုသော NLD အစိုးရအနေနှင့် အစိုးရ၊ လွှတ်တော်အမတ်၊ တပ်မတော် စသည်တို့ကို ဝေဖန်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောခြင်းဖြစ်သည့်အတွက် တရားမစွဲရန်နှင့် အစိုးရအနေနှင့် ပြည်သူဘက်က မရပ်တည်ပါက တပ်မတော်အနေနှင့် တရားထပ်စွဲနေမည်ဖြစ်ပြီး ပြည်သူအား အကျိုးမပြု ဒုက္ခပေးနေသော ဥပဒေများကို အမြန်ဆုံးဖျက်သိမ်းရန် အစိုးရကို အကြံပြုကြောင်း အသံအဖွဲ့ မန်နေဂျင်း ဒါရိုက်တာ မောင်ဆောင်းခက ဆိုသည်။ 

အေးချမ်းသူ