News

POST TYPE

NEWS

တက္ကဆပ်ပြည်နယ်တွင် သေနတ်သမားတစ်ဦး မြင်တွေ့သမျှပစ်ခတ်သွားခြင်းကြောင့် လူငါးဦးသေဆုံး၊ အမြောက်အမြား ဒဏ်ရာရ
02-Sep-2019



နယူးယောက်၊ စက်တင်ဘာ ၁ 

အမေရိကန်ပြည်ထောင်စု တက္ကဆပ် ပြည်နယ်တွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက် သေနတ်ပစ်ခတ်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၅ ဦး သေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယခုဖြစ်ရပ်၌ ပထမဆုံးပစ်ခတ်ခံ လိုက်ရသူမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းသည် သေနတ်သမား၏ မော်တော်ကားကို ရပ်ဆိုင်းအောင် ဟန့်တားစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ 

အော်ဒက်ဆာမြို့နှင့် အခြားမြို့များ ဆက်သွယ်သည့်လမ်းမပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ 

ထို့နောက် သေနတ်သမားသည်ကား အတွင်းမှ ထွက်လာပြီး မော်တော်ဆိုင်ကယ် စီးနင်းသူများနှင့် လမ်းမပေါ်တွင် ဖြတ်သန်း သွားလာနေသူများကို မြင်မြင်သမျှ ပစ်ခတ်ခဲ့သည်။ 

ထို့နောက် ၎င်းသည် သူ၏မော်တော်ကားကို ပစ်ထားခဲ့ပြီး စာပို့မော်တော်ကား တစ်စီးကို ခိုးယူကာ နောက်တစ်နေရာသို့ ထွက်ပြေးခဲ့သည်။ 

နောက်ဆုံးတွင် ၎င်းသေနတ်သမားသည် ရုပ်ရှင်ရုံတစ်ရုံတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။ 

သေနတ်သမားသည် အသက် ၃၀ ဝန်းကျင်ရှိ လူဖြူတစ်ဦးဖြစ်ပြီး မည်သည့် ဦးတည်ချက်ဖြင့် ယခုလိုပစ်ခတ်သည်ကို မသိရပေ။ အော်ဒက်ဆာမြို့ဆေးရုံ၏ သတင်းထုတ်ပြန်ချက်အရ အသက် ၂ နှစ်အောက် အရွယ် ကလေးငယ်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူနေရကြောင်း ပြောကြားသည်။ အခြားဒဏ်ရာရရှိသူ ၇ ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ဆိုသည်။ 

ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ စနေနေ့ နေ့လယ် ၃ နာရီခန့်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တက္ကဆပ်ပြည်နယ် လုံခြုံရေးအရာရှိ (ရဲအရာရှိ) နှစ်ဦးက မော်တော်ယာဉ်တစ်စီးကို မစ်လန်း ဟိုင်းဝေးလမ်းမပေါ်တွင် ရပ်တန့်စစ်ဆေးစဉ် ယင်းဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်မောင်းသေနတ်သမားသည် ရဲအရာရှိနှစ်ဦးကို ပစ်ခတ်ပြီးနောက် အခြားတွေ့သမျှသူများကို ပစ်ခတ်ခဲ့သည်။ ထို့နောက် မောင်းနှင်ထွက်ပြေးသည်”ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

တက္ကဆပ်ပြည်နယ် ရှေ့နေချုပ် ကန်ပက်တန်က ယခုလိုအသိဉာဏ်ကင်းမဲ့သည့် လုပ်ရပ်မျိုးကြောင့် မိမိအနေနှင့် လွန်စွာ တုန်လှုပ်ချောက်ချားမိကြောင်း ပြောကြားသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမူ တက္ကဆပ်သတင်းကို ကောင်းစွာသိရှိ ပြီးဖြစ်ကြောင်းနှင့် FBI အပါအဝင် ရဲတပ်ဖွဲ့များက အရေးယူဆောင်ရွက်လျက်ရှိကြောင်း Twitter စာမျက်နှာတွင် ဖော်ပြသည်။ 

ပြီးခဲ့သည့် သီတင်းပတ်လေးပတ်ခန့်က တက္ကဆပ်ပြည်နယ်၊ အယ်လ်ပါဆို စီးတီးတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၂၂ ဦးသေဆုံးသွားခဲ့သည်။ ယင်းဖြစ်ရပ်တွင် ရဲအရာရှိ သုံးဦးအပါအဝင် အနည်းဆုံးလူ ၂၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။ 

F-01