News

POST TYPE

NEWS

ချင်းပြည်နယ်တွင် H1N1 ဖြစ်ပွားသူ ၂ ဦး စတင်တွေ့ရှိ
01-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁

ချင်းပြည်နယ်တွင် ရာသီတုပ်ကွေးရောဂါ (Influenza A(H1N1)pdm09) ဖြစ်ပွားသူ ၂ ဦး စတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၁၀၆ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၃၀ ရက်နေ့အထိ စာရင်းများအရ H1N1 ဓာတ်ခွဲစစ်ဆေးသူဦးရေ ၁,၅၁၁ ဦး၊ ဓာတ်ခွဲ အတည်ပြုဖြစ်ပွားသူ ၆၄၄ ဦးနှင့် ဓာတ်ခွဲ အတည်ပြုသေဆုံးသူ ၁၀၆ ဦးရှိကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင်မူ ရောဂါဖြစ်ပွားသူမရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲထံမှ သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုသည် အသက် ၁၅ နှစ်မှ ၆၅ နှစ်အရွယ်များတွင် ၅၆ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ်အရွယ်များတွင် ၁၅ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ်အထက်များတွင် ၉ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်များတွင် ၁၃ ရာခိုင်နှုန်းနှင့် အသက် ၁ နှစ်အောက်များတွင် ၇ ရာခိုင်နှုန်းဖြစ်ပွားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

H1N1 ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၆၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄ ဦး၊ မွန်ပြည်နယ်တွင် ၃ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၂ ဦး၊ ကချင်ပြည်နယ်တွင် ၁ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ဦး သေဆုံးကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးလက္ခဏာများအပြင် အဖျားကြီးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခြင်း၊ သတိလစ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်း စသည့်လက္ခဏာများဖြစ်ပွားနိုင်ပြီး ယင်းရောဂါကြောင့် သေဆုံးသူများသည် အသက်အရွယ် ကြီးသူများ၊ အသက်ငယ်သူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ စသည့် နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။ 

J-12