News

POST TYPE

NEWS

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း မြို့ ၃ မြို့ရှိ အဆောက်အအုံများ ပျက်စီး
01-Sep-2019

ကလေး၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်က အင်အားရစ်ခ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ကြိမ်၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာတွင် ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က အင်အားရစ် (ခ်) တာစကေး ၆ အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ခြင်းကြောင့် ရွှေဘို၊ ရေဦးနှင့် ခင်ဦးမြို့တို့တွင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ငလျင်နှစ်ကြိမ် လှုပ်ခတ်မှုကြောင့် ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက် ထန်းတပင်ကျောင်းရှိ ချမ်းသာရဆုတောင်း ပြည့်စေတီတော်၊ ဉာဏ်တော်အမြင့် အတောင် ၄၀ ရှိသည့် စေတီ၏ လေးဖက် လေးတန်တွင် အောက်မှအပေါ်အထိ အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မင်္ဂလာဘုန်းတော်ကြီးကျောင်းရှိ ဆုတောင်းပြည့်စေတီတော်၊ ဉာဏ်တော်အမြင့် ပေ ၈၀ ကျော်သည် အောက်ခြေမှအပေါ်အထိ လေးဖက်လေးတန်တွင် အက်ကြောင်းများဖြစ်ပေါ်ခဲ့ခြင်း၊ ရေဦးမြို့ အောင်ဆန်းရပ်ကွက် ၂ လမ်းရှိ နေအိမ်အုတ်နံရံ ပြိုကျခြင်းကြောင့် အိမ်ရှင် အမျိုးသမီးတွင် ဒဏ်ရာများရရှိပြီး ရေဦးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့ရကြောင်း ရေဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးထံမှ သိရသည်။

ရွှေဘိုမြို့နယ်တွင် ရွှေဘိုနည်းပညာကောလိပ် အစည်းအဝေးခန်းမနှင့် ရှေ့မျက်နှာစာ မျက်နှာကြက်များ ပြိုကျခြင်း၊ မြင်းစီးကျေးရွာ ဆောင်တမိုးဘုရား၏ ထီးတော်ဆောင်ကျင်း ပြုတ်ကျပျက်စီးခြင်း၊ ကျားရွာ ဇေတဝန်ကျောင်းရှိ ထီးတော်မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

“အခု ကွင်းဆင်းနေတယ်။ ပျက်စီးတာတွေက စေတီပုထိုးတွေ များတယ်။ လိုအပ်တဲ့ ထောက်ပံ့မှုတွေလည်းလုပ်မယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က ပြောဆိုသည်။

ခင်ဦးမြို့တွင်လည်း ငလျင်လှုပ်ခတ်ခြင်းကြောင့် စေတီ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအချို့ ပျက်စီးကြောင်း ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

R-20