News

POST TYPE

NEWS

ရန်ကုန်-တောင်ငူ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု အောက်တိုဘာ စတင်မည်
01-Sep-2019


တောင်ငူ၊ စက်တင်ဘာ ၁

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအနက် ရန်ကုန်-တောင်ငူလမ်းပိုင်းကို ယခုနှစ် အောက်တိုဘာလတွင် စတင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း တိုင်း (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်-တောင်ငူ မီးရထားလမ်းပိုင်းတွင်အသုံးပြုရန် တင်သွင်းရမည့် မီးရထားသံလမ်းများကို ဂျပန်မှ ဝယ်ယူထားခြင်းဖြစ်ပြီး ယခုနှစ် မေလဆန်းက ရန်ကုန်ဆိပ်ကမ်းသို့ စတင်ရောက်ရှိခဲ့ကာ ဩဂုတ် ၁၃ ရက်က ၄ စီးမြောက် သင်္ဘောရောက်ရှိထားပြီးဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

“ဂျပန်နိုင်ငံက သံလမ်းတွေကလည်း သင်္ဘောတင်သွင်းရမှာ ၂၁ စီးအနက် အခု ၄ စီးရောက်ရှိထားပါပြီ။ တစ်စီးကို ခန့်မှန်းတန်ချိန် ၃၀၀၀ နီးပါးရှိပြီး စုစုပေါင်း တန်ချိန် ၆၀,၀၀၀ ကျော် တင်သွင်းရမှာပါ။ ကနဦးလုပ်ငန်းစတင်ဖို့ ပြင်ဆင်ထားတာ ရန်ကုန်-တောင်ငူလမ်းပိုင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းပိုင်းအလိုက် ဒေသတွင်း ပတ်ဝန်းကျင်ထိခိုက်မှု တိုင်းတာစစ်ဆေးခြင်းကို နှစ်အလိုက် ဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဟုခန့် မှန်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ရန်ကုန်-တောင်ငူနှင့် တောင်ငူ-မန္တလေးလမ်းပိုင်းဟူ၍ နှစ်ဆင့်ခွဲကာ လုပ်ဆောင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု အနေအထားကို E Guard Environmental Service ကုမ္ပဏီနှင့် စစ်တမ်းကောက်ယူခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနေအထားများကို မန္တလေး၊ သာစည်၊ ပျဉ်းမနားနှင့် တောင်ငူမြို့ဒေသခံများကို ရှင်းလင်းတင်ပြထားကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရှိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက် တစ်ရက်လျှင် ရန်ကုန်-မန္တလေး အစုန်/အဆန်(အမြန်) မီးရထား ၆ စီး၊ စာပို့ ၂ စီး၊ ရန်ကုန်-နေပြည်တော် အစုန်/အဆန် ၄ စီး၊ ရန်ကုန်-ပဲခူး လော်ကယ်၊ သင်္ဃန်းကျွန်း-တောင်ငူ လော်ကယ်၊ တောင်ငူ-သာစည်-မြို့ဟောင်း လော်ကယ်၊ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် (အမြန်) ၄ စီး၊ ရန်ကုန်-ထားဝယ် အစုန်/အဆန် ၂ စီး ပြေးဆွဲပေးနေသော်လည်း အောက်တိုဘာ ၁ ရက်မှစတင်ကာ တစ်လမ်းမောင်းစနစ် ပြောင်းမည်ဖြစ်ခြင်းကြောင့် မီးရထားအချို့ ရပ်နားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရှိရသည်။

ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းကို အင်္ဂလိပ်လက်ထက် လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်က စတင်ဖောက်လုပ်ခဲ့ပြီး မိုင်ပေါင်း ၃၈၅ မိုင်ခန့်ရှိကာ ဘူတာရုံပေါင်း ၆၅ ရုံရှိပြီး ခရီးစဉ်ကြာမြင့်ချိန် (အမြန်ရထားဖြင့်) ၁၄ နာရီနီးပါးခန့်ရှိနေ၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ရန်ကုန်-မန္တလေးမီးရထား မောင်းနှင်ချိန် ၈ နာရီကျော်သာ ကြာမြင့်တော့မည်ဖြစ်သည်။ 

R-15