News

POST TYPE

NEWS

ကျပ်သိန်းတစ်သောင်းခွဲထီဆု မော်လမြိုင်က ပေါက်
01-Sep-2019

ဓာတ်ပုံ- မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်


ရန်ကုန်၊ စက်တင်ဘာ ၁

ယနေ့ထွက်ရှိခဲ့သည့် ၇ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲထီဆုကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတွေးရပ်ကွက်က ကိုကျော်မျိုးဝင်းဆိုသူက ဆွတ်ခူးသွားကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီလုပ်ငန်းထံမှ သိရသည်။

“ကျွန်မတို့ရဲ့ ထီအမျိုးအစား ပက်ကေ့အသစ်ကနေပေါက်တာပါ။ ပြည်နယ်တိုင်းအလိုက် သီးသန့်ဆောင်ပုဒ်လေးတွေနဲ့ဖြန့်တဲ့ ထီစောင်တွေကပေါ့”ဟု ကံထူးခဲ့သည့် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းပက်ကေ့သစ်ကို ထူးရှယ်ငါးစောင်တွဲအဖြစ် ပြည်နယ်နှင့်တိုင်းအလိုက် သီးသန့်ထုတ်လုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၆ ကြိမ်မြောက်ကမှ စတင်ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်နယ်အတွက်က “ရာမတိုင်းသား ရွှေမွန်များ သိန်းဆုကြီးများ တိုးလို့ပွား”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျိုက်ထီးရိုးဘုရားပုံနဲ့ ဖြန့်တာ။ အဲလိုပဲ ပဲခူးဆိုလည်း ပဲခူးဆောင်ပုဒ်နဲ့ သူတို့ဆီက ထင်ရှားတဲ့နေရာတစ်ခုရဲ့ ဓာတ်ပုံနဲ့ ထုတ်တာ။ ငါးစောင်တွဲအတွက်ပဲ ထုတ်တယ်။ ၁၀ စောင်နဲ့တခြားထီအစောင်ရေတွေမှာ မထည့်ဘူး”ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

ထို့ပြင်ကျပ်သိန်းတစ်သောင်းထီဆုကို ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကျူတောကျေးရွာမှ ကိုဇော်ဆိုသူက ကံထူးသွားခြင်းဖြစ်ကြောင်း ကံထူးခဲ့သည့် ခရမ်းစတိုး (လိပ်ပြာတောင်) ထီရောင်းဝယ်ရေးဆိုင်ထံမှ သိရသည်။

“ပေါက်တဲ့သူနဲ့ အဆက်အသွယ်ရပြီ ထီလက်မှတ်လည်း သူ့ဆီမှာရှိတယ်။ သုံးစောင်တွဲ ထိုးသွားတာ၊ သူက လက်မှုပညာလုပ်တယ်။ ပန်းပုတို့ ဘာတို့ပေါ့ဗျာ။ သိပ်ပြီးပြေလည်တဲ့သူတော့ မဟုတ်ပါဘူး”ဟု ယင်းထီလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးကိုက ပြောဆိုသည်။

ပြီးခဲ့သည့် ၅ ကြိမ်မြောက်နှင့် ၆ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုများကို ဧရာဝတီတိုင်း ဟင်္သာတမြို့မှ ဆွတ်ခူးခဲ့သည်။

S-04




  • VIA