News

POST TYPE

NEWS

မြစ်ကြီးနားမြို့ KBZ ဘဏ်တွင် လုယက်မှုကျူးလွန်သည့် မျက်နှာဖုံးစွပ်အဖွဲ့ကို ဖမ်းမိ
01-Sep-2019



ရန်ကုန် ၊ ဩဂုတ် ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် KBZ ဘဏ်မှ ငွေထုတ်ယူပြီး နေအိမ်ပြန်လာသည့် အမျိုးသမီးကို ဓားထောက်၍ ငွေလုယူသည့် အဖွဲ့အား စစ်ဆေးရာမှ ဘဏ်ထဲ မျက်နှာဖုံးစွပ် ဝင်ရောက်ပြီး လုယက်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိခဲ့သည်။

လုယက်မှု ကျူးလွန်သူများမှာ သြဂုတ် ၆ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ၊ တပ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး KBZ ဘဏ်ခွဲမှ ငွေကျပ် သိန်း ၂၃၀ ထုတ်ယူပြီး နေအိမ်သို့ ပြန်လည်စဉ် ဓားဖြင့် ထောက်၍ “ စကားမများနဲ့ ငြိမ်ငြိမ်နေသေသွားမယ်” ဟု ပြောဆိုကာ ငွေထုပ်ကို ဆွဲလုယူထွက်ပြေးခဲ့သည်။

ယင်းလုယက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မသင်္ကာသူ မတူးမာ(ခ) တိုးတိုးလွင်ကို စစ်ဆေးရာ ၎င်း၏ခင်ပွန်း ခင်မောင်ဇင် (၃၁) နှစ်နှင့် ရဲဇော်ထွန်း(ခ)ဘိုဘို (၂၆)နှစ်၊ သက်ထွေး (၂၉)နှစ် သုံးဦးမှ လုယူမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ယင်းအမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့အဖွဲ့ ငါးဦးမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ အမှတ်(၁)ဈေးအပေါ်ထပ်ရှိ ကမ္ဘောဇမီနီဘဏ်အား မျက်နှာဖုံး(Mask)များ အုပ်၍ ဝင်ရောက်ပြီး သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဘဏ်ဝန်ထမ်းများကို ကြမ်းပြင်တွင် မှောက်ခိုင်း၍ ဘဏ်လုံခြုံရေးဝန်ထမ်းကို ထိုးကြိတ်ရိုက်နှက်ပြီး ဘဏ်တံဆိပ်ပါ အိတ်သုံးအိတ်ဖြင့် ထည့်ထားသော ငွေကျပ် သိန်း ၉၂၀ ကို လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုမှ ပါဆုံးသွားသည့် သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ရန်နှင့် အခြားကျူးလွန်ထားသည့် အမှုများ ရှိ/မရှိကို လက်ရှိ ဖမ်းမိထားသူ ငါးဦးအား တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03