News

POST TYPE

NEWS

g & g စတိုးဆိုင်အတွင်း လုယက်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းမိ
01-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁

ဗိုလ်တထောင်မြို့နယ်အတွင်းရှိ g & g စတိုးဆိုင်တစ်ဆိုင်ထဲ ဝင်ရောက်ကာ လုယက်မှုကျူးလွန်သည့် အမျိုးသားနှစ်ဦးကို အချိန်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

လုယက်မှုကျူးလွန်သူ နှစ်ဦးမှာ သြဂုတ် ၃၀ ရက် နံနက် ၃ နာရီခွဲခန့်က ဈေးဝယ်သူဟန်ဆောင်၍ g & g စတိုးဆိုင်အတွင်းရှိ ဝန်ထမ်းအမျိုးသားကို ဓားဖြင့်ထောက်ပြီး ငွေကျပ် ခြောက်သိန်းကျော်နှင့် လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်အတွင်းရှိ ပစ္စည်းမျိုးစုံတို့ကို လုယက်ယူဆောင်သွားခဲ့သည်။

ပြစ်မှုကျူးလွန်သူ နှစ်ဦးမှ စိုင်းဇော်ဇော်မှာ ယခင်က g & g စတိုးဆိုင်တွင် လုပ်ကိုင်ဖူးသူဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အခင်းဖြစ်နေ့ ည ၁၁ နာရီခွဲ၌ စိုင်းဇော်ဇော်နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သော မင်းခန့်ကျော်တို့ကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုယက်ယူဆောင်သွားသော သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်း၍ စိုင်းဇော်ဇော်နှင့် မင်းခန့်ကျော် တို့နှစ်ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA