News

POST TYPE

NEWS

၉/၁၁ အကြမ်းဖက်မှုတရားခံ ခါလစ်ရှိတ်မိုဟာမက်အား အမှုစစ်ဆေးမည့်ရက် သတ်မှတ်
01-Sep-2019


ဝါရှင်တန်၊ ဩဂုတ် ၃၁

အမေရိကန်တွင် ဖြစ်ပွားခဲ့သည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့သူ တစ်ဦးဖြစ်သည့် ခါလစ်ရှိတ်မိုဟာမက်အား အမှုစစ်ဆေးမည့်ရက်ကို သတ်မှတ်လိုက်ပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။

ခါလစ်ရှိတ်မိုဟာမက်နှင့် အခြားတရားခံလေးဦးတို့ကို ဂွါတာနာမို အကျဉ်းစခန်းစစ်ခုံရုံးတွင် ၂၀၂၁ ဇန်နဝါရီ ၁၁ ရက်မှ စတင်စစ်ဆေးမည်ဖြစ်သည်။



၎င်းတို့အား အကြမ်းဖက်ဝါဒ ကျင့်သုံးမှု၊ လူပေါင်း ၃၀၀၀ ခန့်ကို သတ်ဖြတ်မှုများအပါအဝင် စစ်ရာဇဝတ်မှုများဖြင့် စွဲချက်တင်ထားသည်။

နယူးယောက်၊ ဝါရှင်တန်နှင့် ပင်ဆယ်ဗေးနီးယားတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီး နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိလာချိန်တွင် အဆိုပါတရားခံငါးဦးကို ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးတော့ မည်ဖြစ်သည်။ ပြစ်မှုထင်ရှားပါက အုပ်စုတစ်ခုလုံး သေဒဏ်ကျခံရမည်ဖြစ်သည်။

ခါလစ်ရှိတ်မိုဟာမက်ကို ၂၀၀၃ ခုနှစ်က ပါကစ္စတန်တွင် ဖမ်းဆီးရမိခဲ့ပြီး ဂွါတာနာမို အကျဉ်းစခန်းသို့ လွှဲပြောင်းချုပ်နှောင်ထားခဲ့သည်။ သို့ရာတွင် ၎င်းတို့အုပ်စုအား တရားစွဲဆိုရန် လုပ်ဆောင်မှုများမှာမူ ကြန့်ကြာနေခဲ့သည်။

၂၀၀၈ တွင် တရားစွဲရန် စီစဉ်ခဲ့သော်လည်း ဂွါတာနာမို အကျဉ်းစခန်းပိတ်ရန် ကတိပေးခဲ့သည့် အိုဘားမားအစိုးရက နယူးယောက်တွင် ပြောင်းရွှေ့တရားစွဲရန် စီစဉ်သော်လည်း ကွန်ဂရက်၏ ကန့်ကွက်မှုကြောင့် ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ရသည်။

ခါလစ်ရှိတ်မိုဟာမက်သည် ၉/၁၁ အကြမ်းဖက်ဖြစ်ရပ်တွင် ၎င်းက အစအဆုံး စီမံလုပ်ဆောင်ခဲ့သည်ဟု ဖြောင့်ချက်ပေးထားကြောင်း ပင်တဂွန်က ယခင်က သတင်းထုတ်ပြန်ထားသည်။

အမေရိကန်အစိုးရရှေ့နေများက ခါလစ်သည် အခြားအကြမ်းဖက်တိုက်ခိုက်မှုများတွင်လည်း ပါဝင်ပတ်သက်ခဲ့သည်ဟု စွဲချက်တင်ထားသည်။

အဆိုပါတိုက်ခိုက်မှုများတွင် ၂၀၀၂ ဘာလီကျွန်း နိုက်ကလပ်ဗုံးခွဲမှု၊ ၁၉၉၃ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ဗုံးခွဲမှု၊ အမေရိကန်သတင်းထောက် ဒန်နီယယ်ပါး အသတ်ခံရမှု၊ ၂၀၀၁ ခုနှစ်က မအောင်မြင်သော လေယာဉ်ဗုံးခွဲမှုများ ပါဝင်သည်။

တရားခံရှေ့နေများကမူ ၂၀၀၆ ခုနှစ်က အက်ဘီအိုင်သို့ ပေးခဲ့သော ဖြောင့်ချက်များကို တရားရုံးစစ်ဆေးမှုတွင် ပယ်ဖျက်ရန် ကြိုးစားလျက်ရှိသည်။

ခါလစ်ရှိတ်မိုဟာမက်နှင့်အတူ ရုံးထုတ်စစ်ဆေးခံရမည့် တရားခံများမှာ ဝါလစ်ဘင်အတတ်ရှ်၊ ရမ်ဇီဘင်အယ်လ် ရှီဘတ်၊ အမ်မာအယ်လ်ဘလူချီနှင့် မူစတာ ဖာအယ်လ်ဟော်ဆာဝီတို့ ဖြစ်သည်။ 

F-04


  • VIA