News

POST TYPE

NEWS

ဒီမိုကရေစီရေးလှုပ်ရှားသည့် အထင်ကရပုဂ္ဂိုလ်များကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီး
01-Sep-2019



ဟောင်ကောင်၊ ဩဂုတ် ၃၁ 

ဟောင်ကောင်တွင် လူထုအင်အား အမြောက်အမြားဖြင့် စနေနေ့တွင် ချီတက်ဆန္ဒပြမည့် အစီအစဉ်အား အစိုးရအာဏာပိုင်များက တားမြစ်လိုက်ပြီးနောက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အထင်ကရ ပုဂ္ဂိုလ်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဒီမိုစစ္စတိုပါတီမှ လူငယ်ခေါင်းဆောင် ဂျော့ရှုဝါဝေါင်နှင့် အက်ဂနက်စ်ချွားတို့အပါအဝင် အခြားတက်ကြွလှုပ်ရှားသူများနှင့် ဥပဒေသမားများလည်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။ အဆိုပါဒီမိုစစ္စတိုပါတီဥက္ကဋ္ဌအီဗီယန်လမ်မှာ ပြည်ပသို့ရောက်ရှိနေသောကြောင့် ဖမ်းဆီးခြင်းမခံရသေးသော်လည်း ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားသည်။

စနေနေ့တွင်ပြုလုပ်မည့် လူအမြောက်အမြား ချီတက်ဆန္ဒပြမည့်အစီအစဉ်ကို ဟောင်ကောင်အာဏာပိုင်များက တားမြစ်ပိတ်ပင်ခဲ့ရာ စီစဉ်သူများကလည်း ဖျက်သိမ်းလိုက်ရသည်။ 

အကယ်၍သာ ယင်းဆန္ဒပြပွဲကြီး ဖြစ်မြောက်ခဲ့မည်ဆိုပါက သီတင်းပတ် ၁၃ ပတ်မြောက် ချီတက်ဆန္ဒပြပွဲအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ 

ဒီမိုစစ္စတိုပါတီ၏ ထုတ်ဖော်ပြောကြားချက်အရ ဂျော့ရှုဝါဝေါင် (၂၃ နှစ်) သည် ဘူတာရုံသို့ လမ်းလျှောက်သွားနေစဉ် ရဲတပ်ဖွဲ့က သီးသန့်ကားတစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရခြင်းဖြစ်သည်။ 

ဂျော့ရှုဝါဝေါင်နှင့် အက်ဂနက်စ်ချွားတို့ နှစ်ဦးစလုံးကို ဝမ်ချိုင်ရပ်ကွက်ရှိ ဟောင်ကောင် ရဲတပ်ဖွဲ့ ဌာနချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားမဝင်လူစု လူဝေးပြုလုပ်မှုဖြင့် အရေးယူထားခြင်း ဖြစ်သည်။ 

ဂျော့ရှုဝါဝေါင်က မိမိတို့၏ အခြေခံကျသော အခွင့်အရေးများ လျော့ပါးဆုံးရှုံး နေရပြီဖြစ်ကြောင်း သောကြာနေ့က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြသည်။ 

၎င်းသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ချီတက်ဆန္ဒပြပွဲကြီးနှင့်အတူ ဆန္ဒပြခေါင်းဆောင်အဖြစ် ထင်ရှားကျော်ကြားလာသူဖြစ်သည်။ 

ဟောင်ကောင်အမျိုးသားပါတီကို ထူထောင်သူတစ်ဦးဖြစ်သော အန်ဒီချန်းလည်း ပြီးခဲ့သည့် ကြာသပတေးနေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ အန်ဒီချန်းသည် ပြည်ပသို့ထွက်ခွာရန် ဟောင်ကောင် လေဆိပ်၌ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

ယခုလို ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပတ်သက်၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် ပြင်းပြင်းထန်ထန်ထိုးနှက်မှုအဖြစ် သတ်မှတ်ပြောဆိုသည်။ အီးယူနိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဖာဒါရီကာမိုဟာနီက လက်ရှိဟောင်ကောင်၏ အခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း ပြောကြားသည်။

“ဟောင်ကောင်က အာဏာပိုင်တွေအနေနဲ့ လွတ်လပ်စွာစုရုံးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ ထူထောင်ခွင့် စသည့် အခွင့်အရေးတွေကို လေးစားကြလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

F-01