News

POST TYPE

NEWS

မိတ္ထီလာတက္ကသိုလ်တွင် ဆိုင်ကယ်များလုံခြုံရေး ပုဂ္ဂလိကကုမ္ပဏီက တာဝန်ယူမည်
25-Aug-2019
မိတ္ထီလာ၊ ဩဂုတ် ၂၅

မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ဆိုင်ကယ်များလုံခြုံရေးအတွက် စက်တင်ဘာလမှစ၍ ပုဂ္ဂလိကပိုင် SUGS ကုမ္ပဏီက တာဝန်ယူ စောင့်ရှောက်မည်ဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့်ပညာသင်နှစ်က ဆိုင်ကယ် ခုနစ်စီးပျောက်ခဲ့သဖြင့် လုံခြုံရေးရှိသင့်ကြောင်း ပါမောက္ခချုပ်နှင့် ဆွေးနွေးပြီးနောက် ပညာရေးဝန်ကြီးဌာနသို့တင်ပြကာ ယင်းလုပ်ငန်းလုပ်ကိုင်ရန် တင်ဒါခေါ်ခဲ့ရာ ယခုကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကြောင်း ယင်းသမဂ္ဂထံမှ သိရှိရသည်။

ယင်းသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမင်းထက်မြတ်က “ရှေ့လ၊ စက်တင်ဘာ ၁ ရက် စပြီးတော့ တစ်လကို ကျပ်သိန်း ၃၀ နဲ့ သုံးလဘတ်ဂျက်ကျမှာ။ အဲဒါနဲ့ တင်ဒါခေါ်တာ”ဟု ပြောကြားသည်။

အဆိုပါအစီအစဉ်အရ တက္ကသိုလ်၏ အမှတ်တံဆိပ်ပါ စတစ်ကာများကို ကျောင်းသားများ၏ဆိုင်ကယ်များတွင် ကပ်ထားရမည်ဖြစ်ပြီး ဆိုင်ကယ်ထားရှိရာဇုန်များတွင် အခမဲ့အပ်နှံထားနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ထားရှိရာတွင် စတန်းဇုန်များအတွင်းထားရှိမည့် ဆိုင်ကယ်များ ပျောက်ဆုံးပါက ကာလတန်ဖိုးအတိုင်း ကုမ္ပဏီက ပေးလျော်မည်ဖြစ်သည်။

ယင်းအချက်ကို စာချုပ်တွင်ထည့်သွင်းရန် ကျောင်းသားသမဂ္ဂဘက်မှ တောင်းဆိုခဲ့ရာ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး သို့ရာတွင် စတန်းဇုန်များအတွင်း မထားရှိသော ဆိုင်ကယ်များ ပျောက်ဆုံးပါက တာဝန်ယူမည်မဟုတ်ကြောင်း မိတ္ထီလာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးကော်မတီက ထုတ်ပြန်သည်။

မိတ္ထီလာတက္ကသိုလ် ကျောင်းသားတစ်ဦးက “ခိုးတဲ့သူတွေက သူတို့မှာပါတဲ့ ဝက်အူရစ်လိုကိရိယာလေးနဲ့ အသာလေး ထိုးပြီးခိုးတာ”ဟု ပြောကြားသည်။

ကျောင်းယူနီဖောင်းမရှိ၍ ကျောင်းသားနှင့်အရပ်သား ခွဲခြားမသိနိုင်သကဲ့သို့ ဆိုင်ကယ်များတွင်လည်း အမှတ်အသား မရှိသေးကြောင်း၊ ကျောင်းလုံခြုံရေးကလည်း အလုံးစုံစောင့်ကြည့်နိုင်ခြင်းမရှိကြောင်း၊ ကျောင်းသားနှင့်ရဲပေါင်း၍ ဖမ်းဆီးခဲ့ရာ နှစ်မှုကိုမိကြောင်း ၎င်းကပြောဆိုသည်။

မိတ္ထီလာတက္ကသိုလ်တွင် တက် ရောက်နေသော ကျောင်းသားကျောင်းသူ အရေအတွက်မှာ အဝေးသင်အပါအဝင် ကိုးထောင်ကျော်ခန့်ရှိကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

R-01