News

POST TYPE

NEWS

နယ်စပ်တွင် ထိန်းသိမ်းခဲ့သော ဗြိတိန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းကို တရုတ် ပြန်လွှတ်ပေး
25-Aug-2019



ဘေဂျင်း ဩဂုတ် ၂၄

တရုတ်-ဟောင်ကောင် နယ်စပ်တွင် ထိန်းသိမ်းခဲ့သော ဟောင်ကောင်ဆိုင်ရာ ဗြိတိန်ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းတစ်ဦးကို တရုတ်ဘက်က ပြန်လွှတ်ပေးလိုက်သည်ဟု ရှန်ဇင်းရဲဌာနက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။



ဆိုင်မွန်ချမ်းသည် ဟောင်ကောင် တစ်ဖက်ကမ်း ရှန်ဇင်းသို့ စီးပွားရေးတာဝန်ဖြင့် သွားရောက်နေစဉ် ဩဂုတ်လ ၈ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဆိုင်မွန်ချမ်းအား ပြည်သူ့လုံခြုံရေး ဥပဒေ ချိုးဖောက်မှုကြောင့် ၁၅ ရက်ကြာ ထိန်းသိမ်းထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ 

ယူကေကမူ ၎င်း ထိန်းသိမ်းခံရမှုအပေါ် အလွန်အမင်းစိုးရိမ်သည်ဟု ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ သုံးလထဲ ဝင်လာချိန်တွင် ယခုဖမ်းဆီးမှု ဖြစ်ပေါ်လာခဲ့သည်။ 

ရှန်ဇင်းရဲက ဆိုင်မွန်ချမ်း၏ ရပိုင်ခွင့်များကို စိစစ်တွေ့ရှိခဲ့ကြောင်းနှင့် စီစဉ်ထားသည့်အတိုင်း ပြန်လွှတ်ပေးခဲ့ကြောင်း Weibo လူမှုကွန်ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့နောက်တွင် facebook တွင် တက်လာသော ဆိုင်မွန်ချမ်းက အားပေးဝန်းရံသူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဆိုင်မွန်နှင့် သူ့မိသားစုသည် အနားယူရန်နှင့် ပြန်လည်အားမွေးရန် အချိန်လိုအပ်နေကြောင်းနှင့် နောက်ပိုင်းတွင် ပိုမိုရှင်းလင်းပြောကြားမည်ဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။

ဆိုင်မွန်ချမ်း ၂၈ နှစ်သည် ယူကေ ကောင်စစ်ဝန်ရုံး စကော့တလန် ဖွံ့ဖြိုးရေး ဌာနစိတ်မှ ကုန်သွယ်ရေးဆိုင်ရာ သံအရာရှိဖြစ်ပြီး ဟောင်ကောင်တွင် ပြန်လည်မနေထိုင်ခင် ထိုင်ဝမ်နှင့် ယူကေတွင် ပညာသင်ယူခဲ့သည်ဟု ဟောင်ကောင် HKFP သတင်းဌာနက ထုတ်ပြန်သည်။

ချမ်းသည် ဩဂုတ်လ ၈ ရက်က ရှန်ဇင်းတွင် စီးပွားရေးဆွေးနွေးပွဲ တက်ရောက်ရန် လိုဝူနယ်စပ်ဂိတ်မှတစ်ဆင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ချမ်းသည် ရထားဖြင့် နေ့ချင်းပြန်လာရန် စီစဉ်ထားသော်လည်း ပြန်ရောက်မလာခဲ့ကြောင်း ၎င်း၏ရည်းစားက ပြောကြားသည်။ 

“ငါ နယ်စပ်ကို ဖြတ်သွားပြီ။ ငါ့အတွက် ဆုတောင်းပေးနော်”ဟု မက်ဆေ့ခ်ျပို့ခဲ့သည်ဟု သူမက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကနေဒါက ၎င်း၏ ကောင်စစ်ဝန်ရုံးဝန်ထမ်းများအား ဟောင်ကောင် အပြင်ဘက်သို့ မထွက်ရန်နှင့် ပြည်မကြီးသို့ မသွားရန် ပိတ်ပင်လိုက်သည်။ 

သို့ရာတွင် ဟောင်ကောင်ကောင် စစ်ဝန်ရုံးသို့ တွဲဖက်ထားသော ကနေဒါ သံတမန်များမှာမူ ခရီးသွားခွင့်ရှိမည်ဟု ဆိုသည်။

ဟောင်ကောင်နှင့် ပြည်မကြီးအကြား နယ်စပ်ဂိတ်တွင် ခရီးသွားများ၏ အိတ်ဆောင် ဒစ်ဂျစ်တယ်ကိရိယာများကို စစ်ဆေးမှု တိုးမြှင့်ထားသည်ဟု သိရှိရသည်။

ဟောင်ကောင်မြို့လယ်တွင် ပြီးခဲ့သော တနင်္ဂနွေနေ့က ပြည်သူ ၁ ဒသမ ၇ သန်းခန့် ချီတက်ဆန္ဒပြခဲ့ကြသည်။ သို့ရာတွင် ရဲများကမူ အရေအတွက် တစ်သိန်းကျော်သာ ရှိသည်ဟု လျှော့ချပြောဆိုခဲ့သည်။

ဟောင်ကောင်ဆန္ဒပြမှုများနှင့် ပတ်သက်၍ ပုံဖျက်ရန်နှင့် အပုပ်ချရန် ဆိုက်ဘာစစ်ဆင်ရေးလုပ်နေသည့် တရုတ် အစိုးရနောက်ခံ အကောင့်များကို twitter နှင့် facebook က ပြီးခဲ့သော တနင်္လာနေ့တွင် ဖယ်ရှားပစ်ခဲ့သည်။ 

F-04