News

POST TYPE

NEWS

ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီး မြောက်ကိုရီးယားက ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်
25-Aug-2019


ပြုံယမ်း၊ ဩဂုတ် ၂၄

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီးတွင် မြောက်ကိုရီးယားက ၎င်း၏ အရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲသို့ တာတိုပစ်ဒုံးကျည် နှစ်စင်းကို ပစ်လွှတ်စမ်းသပ်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

အဆိုပါဒုံးကျည်နှစ်စင်းကို အရှေ့မြောက်ပိုင်း ဟမ်ဂျောင်းခရိုင်မှ ပစ်လွှတ်ခဲ့ပြီး အမြင့် မိုင် ၆၀ နှင့် အကွာအဝေး ၂၃၆ မိုင် ရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌက ပြောကြားသည်။

စနေနေ့က ပစ်လွှတ်မှုသည် သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့ ဇွန်လက နယ်ခြား စစ်မဲ့ဇုန်တွင် တွေ့ဆုံခဲ့ပြီးနောက် သတ္တမအကြိမ်မြောက် ဒုံးကျည်စမ်းသပ်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ခဲ့သော အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုသည် ယခု သီတင်းပတ် အစောပိုင်းက ပြီးဆုံးခဲ့ပြီး ဖြစ်သောကြောင့် ပြုံယမ်း၏ ဒုံးကျည် စမ်းသပ်မှုများ ရပ်သွားတော့မည်ဟု အချို့က မျှော်လင့်ခဲ့ကြသည်။

အမေရိကန်နှင့် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုကာလအတွင်း မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများသည် ဒုံးကျည်လက်နက်ကြီးစနစ်နှင့် ရွေ့လျားနိုင်သော တာတိုပစ်ဒုံးကျည်စနစ်တို့ ဖြစ်သည်ဟု လက်နက်ကျွမ်းကျင်သူများက ခန့်မှန်းသုံးသပ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ဆက်ရှိနေပါက ပြုံယမ်းသည် ဝါရှင်တန်အပေါ် ဆက်လက်ခြိမ်းခြောက်နိုင်အောင် ကြိုးစားမည်ဟု သောကြာနေ့က ပြောကြားခဲ့ပြီးနောက် ယခုနောက်ဆုံး စမ်းသပ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဝါရှင်တန်၏ ဒစ်ပလိုမေစီအတွက် အဆိပ်ပင်တစ်ခုဖြစ်ကြောင်းနှင့် အရေးယူ ပိတ်ဆို့မှုများဖြင့် ပြုံယမ်းတွင် အပြောင်းအလဲဖြစ်အောင်လုပ်မည့် မိုက်မဲသော အိပ်မက်ကိုလည်း ပိတ်ပစ်မည်ဟု ပြောဆိုခဲ့သည်။

ရီယောင်ဟို၏ ပြင်းထန်သော ဝေဖန်ထိုးနှက်မှု မှတ်ချက်များနှင့်အတူ စနေနေ့က ဒုံးကျည်စမ်းသပ်မှုများသည် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား နျူကလီးယားဖျက်သိမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ ပြန်စနိုင်မည့် မျှော်လင့်ချက်များကို မှေးမှိန်သွားစေသည်။

ဖေဖော်ဝါရီလက ဗီယက်နမ်တွင် ကျင်းပသည့် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုတွင် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် ကင်ဂျုံအန်းက တောင်းဆိုခဲ့မှုအပေါ် သမ္မတထရမ့်က ပယ်ချခဲ့ပြီးနောက် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် ဝါရှင်တန်၏ ဒစ်ပလိုမေစီ ကြိုးပမ်းမှုများ တုံ့ဆိုင်းသွားခဲ့သည်။

ထို့နောက် ဇွန်လက တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်တွင် ထရမ့်၏ ရုတ်တရက် စီစဉ်မှုဖြင့် ခေါင်းဆောင်နှစ်ဦး ထပ်မံတွေ့ဆုံကာ လုပ်ငန်းကော်မတီအဆင့် ဆွေးနွေးမှုများကို ပြန်စရန် သဘောတူညီမှု ရခဲ့သော်လည်း ဆွေးနွေးပွဲများ ပြန်လည်ထွက်ပေါ်လာအောင် ဝါရှင်တန်၏ ကြိုးပမ်းမှုများမှာ ယခုအချိန်အထိ အရာမထင်နိုင်သေး။

F-04



  • VIA