News

POST TYPE

NEWS

အခြေခံဥပဒေကို တစ်စစီကောက်ပြင်နေပါက အချုပ်အခြာ အာဏာပျက်သုဉ်းလာနိုင်ဟု ဦးစိုးသိန်းပြော
23-Aug-2019


နေပြည်တော်၊ သြဂုတ် ၂၃

အခြေခံဥပဒေကို တစ်ပိုင်းစီ၊ တစစီဖြင့် ပြင်နေမည်ဆိုပါက တိုင်းရင်းသားနိုင်ငံသားများထံတွင် တည်နေသည့် အချုပ်အခြာအာဏာ ပျက်သုဉ်းလာနိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (သမ္မတရုံးဝန်ကြီးဟောင်း) ဦးစိုးသိန်းက တင်ပြပြောဆိုလိုက်သည်။

“အခြေခံဥပဒေ ပုဒ်ထီး၊ပုဒ်မ တစ်ခုခုကို ကောက်ပြီး တစ်စစီ အမြင်တမျိုးစီ၊ တပိုင်းစီ ပြင်ဆင်ရန် ကြိုးစားနေမယ်ဆိုပါက အမျိုးသားပြန်လည် သင့်မြတ်ရေး မရရှိနိုင်ယုံအပြင် ပြည်ထောင်စု ပြိုကွဲခြင်း တိုင်းရင်းသား စိတ်ဝမ်းကွဲပြားခြင်း၊ တိုင်းရင်းသားနိုင်ငံသားများထံတွင် တည်သည့် အချုပ်အချာအဏာ ပျက်သုံးခြင်း ဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ရာ ဦးစိုးသိမ်းကလည်း အထက်ပါအတိုင်းဝင်ရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ် ၈ ဦးဝင်ရောက်ဆွေးနွေးခဲ့ကြပြီး၎င်းတို့အနေဖြင့် ဥပဒေကြောင်းအရ ထိထိရောက်ရောက်ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

“ခုဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီဝင်များဟာ လွှတ်တော်အတွင်း အနိုင်ရပါတီ ကိုယ်စားပြု အချိုးသာ ဖြစ်ပါတယ်။ အဆိုပါပုဂ္ဂိုလ်များဟာ ရွေးကောက်ခံကိုယ်စားလှယ်များသာဖြစ်ပါတယ်။ မဲဆန္ဒနယ်အားလုံးကို ကိုယ်စားမပြု ပါဘူး။မဲရှုံးတဲ့ ပါတီများကို လည်း အခွင့်အရေးပေးသင့်ပါတယ်။ ကျနော့် ဒေသမှာ ကျနော့ကို ကြိုက်တာ ၅၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး အခြား ကိုယ်စားလှယ် ကို ကြိုက်တာ ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေပါတယ်။ခုလိုအရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄၅ ဦးကော်မတီကို တာဝန်လွှဲပြောင်းခြင်းကို အကြွင်းမဲ့ ကန့်ကွက်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ဦးစိုးသိန်းက ထပ်လောင်းပြောသည်။

မေ ၃၀ ရက်က ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီဝင် ဒေါက်တာဦးမောင်သင်းက အခြေခံဥပဒေ ပါ ပုဒ်မ ၂၄၈ ၊၂၆၄ ၊၃၂၂ နှင့် ၄၀၂ တို့ကို ပြင်ဆင်ရန်တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းမူကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါဝင်သည့် ၃၀ ဦး ကော်မတီက လေ့လာစိစစ်ခဲ့သည်။

၃၀ ဦးကော်မတီ၏ စိစစ်ချက်အရ ယင်းပြင်ဆင်ချက်မူကြမ်းကို ၄၅ ဦးကော်မတီသို့ထည့်သွင်းပြင် ဆင်ဆောင် ရွက်ရန် သြဂုတ်လ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်ပြခဲ့ခြင်းအပေါ် အထက်ပါကိုယ် စားလှယ်များကို ယနေ့တွင် ဆွေးနွေးနေခြင်းလည်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၉ ရက် ကလည်း ကြံ့ခိုင်ရေးပါတီဝင် ဦးသိန်းထွန်းက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် တင်သွင်းခဲ့ပြီး ယင်းပြင်ဆင်ချက်ကို ၄၅ဦးပါဝင်သည့် ကော်မတီ၏ ပြင်ဆင်ရေး လုပ်ငန်းစဉ်သို့ ထည့်သွင်းရန် ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်ထားသည်ကိုလည်း တွေ့ရသည်။

လက်ရှိ ပြင်ဆင်ချက် မူကြမ်းကို လည်း ၄၅ ဦးကော်မတီအတွင်းသို့ ထည့်သွင်း၍ ပြင်ဆင်ရန် လွှတ်တော်က မဲခွဲဆုံး ဖြတ်ပါက ဥပဒေနှင့် မညီကြောင်းကို ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်များနှင့် ၊ တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များ က ကန့်ကွက်ပြောကြားနေဆဲဖြစ်သည်။

S-01


  • VIA