News

POST TYPE

NEWS

ကမ္ဘာ့စက်ရုပ်အားကစားပြိုင်ပွဲ မြန်မာကျောင်းသား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
23-Aug-2019
ရန်ကုန်၊ ဩဂုတ် ၂၂

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စက်ရုပ်အားကစားပြိုင်ပွဲ ၂၀၁၉ (World Robot Games 2019- Thailand) သို့ မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ်ကျောင်သား ၈ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဩဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့ MICT Park ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အစည်းအဝေးခန်းမတွင် ကျင်းပသည့် World Robot Games 2019- Thailand ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲဆိုပြီး အသင်းက ပထမဆုံးကျင်းပခဲ့တယ်။ နှစ်ကြိမ်ကျင်းပခဲ့ပါတယ်။ အဲ့ဒီက ရလဒ်တွေကနေ အခုဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်”ဟု ဦးဇော်ဝင်းထွန်းက ပြောသည်။

ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာက ကျင်းပခဲ့သည့် APT Young Professional and Students Program-2018 Myanmar Robotic ပြိုင်ပွဲတွင် အနိုင်ရခဲ့ကြသည့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်က ကျောင်းသား ၄ ဦး၊ ရန်ကုန် နည်းပညာတက္ကသိုလ်က ကျောင်းသူ ၂ ဦးနှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က ကျောင်းသူ ၂ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် Game အမျိုးအစား ၈ မျိုးရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် Game အမျိုးအစား သုံးမျိုးဖြစ်သည့် Rugby Robot ပြိုင်ပွဲ၊ Biped Robot Race ပြိုင်ပွဲနှင့် Line Tracing Extreme ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ညီမတို့ယှဉ်ပြိုင်ရမယ့် ခေါင်းစဉ် အောက်ဝင်ရောက်ဖို့ ညီမတို့က ကွန်ပျူတာ အင်ဂျင်နီယာပိုင်းဖြစ်တော့ အီလက်ထရွန်နစ်ပိုင်းမှာတော့ အားနည်းတယ်။ Code ပိုင်းကိုပဲ အားသာတော့ ပစ္စည်းရွေးချယ် တပ်ဆင်ချိန်မှာ အခက်အခဲရှိတယ်။ ဒါပေမဲ့ လေ့လာရင်းနဲ့လုပ်ရင်းနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်”ဟု Biped Robot Race ပြိုင်ပွဲ တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မငြိမ်းချမ်းလေးက ပြောသည်။

အဆိုပါ ကမ္ဘာ့စက်ရုပ်အားကစား ပြိုင်ပွဲကို ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ပထုန်ထာနီခရိုင်တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘူတန်နှင့် တရုတ်နိုင်ငံတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

စိုင်းဟန်


  • VIA