News

POST TYPE

NEWS

ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို အလွဲသုံးစားမှုဖြင့် တရားရုံးတွင် စစစ်
23-Aug-2019


ပုသိမ်၊ ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ကိုယ်ကျိုးအတွက် ငွေကြေးအလွဲသုံးစားလုပ်မှု ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့် ဩဂုတ်လ ၂၂ ရက်နေ့က ပုသိမ်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ ကျန်းမာရေးအတွက် ခွဲစိတ်ကုသရန် ပုသိမ်ဆေးရုံတွင် ဆေးကုသနေရခြင်း၊ လွှတ်တော်တာဝန်များရှိနေခြင်းကြောင့် အာမခံလျှောက်ထားသော်လည်း ဆရာဝန်၏ ဆေးထောက်ခံချက်ကို စစ်ဆေးရန် လိုအပ်နေသဖြင့် လာမည့် ဩဂုတ် ၂၈ ရက်နေ့ ရုံးချိန်းတွင် အာမခံပေးသင့် မပေးသင့် အမိန့်ချပေးမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ် ထွန်းက ပြောကြားသည်။

“အမှုသည်က သွေးကြောကျဉ်း ရောဂါရှိတယ်။ ကိုလက်စထရောတက် နေတယ်။ လိပ်ခေါင်းခွဲစိတ်ဖို့ကရှိတယ်။ အာဏာပိုင်အဖွဲ့က လေးစားရသူဖြစ်တယ်၊ ထွက်ပြေးမယ့်သူ မဟုတ်ဘူး။ အာမခံ ပေးသင့်တယ်”ဟု ဦးစံမင်းအောင်၏ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦးက ပြောဆိုသည်။

စွဲဆိုထားသည့် ပုဒ်မ ၄၀၉ အရ စာရင်းဇယားအချက်အလက်များဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး ၎င်းအနေနှင့် အာမခံ ရရှိရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပေးအပ်လာသည့် တာဝန်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကိုယ်ကျိုး အလွဲသုံးခြင်းမရှိကြောင်း၊ ဥပဒေကြောင်း အရဖြေရှင်းရန် ပြင်ဆင်ထားကြောင်း စွပ်စွဲခံရသူ ဦးစံမင်းအောင်က ပြောဆိုသည်။

တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်သည် တိုင်းအစိုးရ၏ ခွင့်ပြုချက်အရ မော်တော်ယာဉ်အသစ် တစ်စီးနှင့် အသုံးပြုပြီး မော်တော်ယာဉ် ၄ စီးကိုဝယ်ယူခဲ့ကြောင်း၊ အသုံးပြုပြီး ယာဉ် ၄ စီးကို ၎င်း၏ဆန္ဒအလျောက် ပြုပြင်ခဲ့ပြီး ယင်းပြင်ဆင်စရိတ်ကုန်ကျငွေ ဆယ်ကိုးသိန်းလေးသောင်းကျော်ကို ယာဉ်ဝယ်ယူတန်ဖိုးတွင် မမှန်မကန် ထည့်သွင်း၍ အရောင်းအဝယ်စာချုပ်၌ back date ဖြင့် ချုပ်ဆိုခဲ့ခြင်းနှင့် ပတ်သက်၍ တိုင်းလွှတ်တော်ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက တိုင်ကြားခဲ့သည့် အမှုလည်းဖြစ်သည်။  

R-12



  • VIA