News

POST TYPE

NEWS

ဟောင်ကောင်ဆန္ဒပြပွဲများအရေးတွင် တရုတ်အစိုးရ ဆက်စပ်အကောင့်များကို Twitter နှင့် facebook ဖယ်ရှား
23-Aug-2019



ဝါရှင်တန်၊ ဩဂုတ် ၂၁

ဟောင်ကောင်ဆန္ဒပြပွဲများအရေးနှင့် ပတ်သက်၍ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားသည်ဟု ယူဆရသော သတင်းမှားဖြန့်ချိရေး အကောင့်များကို twitter နှင့် facebook တို့က ပိတ်ပင်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်တွင် နိုင်ငံရေး သဘောထားကွဲလွဲမှု ဖြစ်ပေါ်အောင် လှုံ့ဆော်ရန် အသုံးပြုနေသည့် အကောင့် ၉၃၆ ခုကို ဖယ်ရှားပစ်ခဲ့သည်ဟု twitter က ပြောကြားသည်။

ထိုအကောင့်များသည် တရုတ်ပြည်မကြီးမှ အကောင့်များဖြစ်ပြီး ဟောင်ကောင် ဆန္ဒပြပွဲများ၏ ဘောင်ဝင်မှုနှင့် နိုင်ငံရေး သဘောထားများကို ထိခိုက်စေရန် ညှိနှိုင်းလုပ်ဆောင်မှုဖြစ်သည်ဟု twitter က ပြောကြားသည်။

င်္Facebook ကလည်း twitter ၏ သတင်းပေးမှုကို ရရှိပြီးနောက် စာမျက်နှာ ၃ ခု၊ အုပ်စု ၃ ဖွဲ့နှင့် အကောင့် ၅ ခုတို့ကို ဖယ်ရှားခဲ့သည်ဟု ထုတ်ပြန်သည်။

“သူတို့တွေက ဟောင်ကောင်ဆန္ဒပြ ပွဲများနဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ အကြောင်းအရာတွေကို မကြာခဏ ရေးသားနေသူတွေ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်က လူတွေက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားထားပေမယ့် တရုတ်အစိုးရနဲ့ ဆက်နွှယ်သူတွေဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်”ဟု facebook ၏ ဆိုက်ဘာလုံခြုံရေးဌာန အကြီးအကဲ နာသန်နီယယ်ဂလက်ချာက ပြောကြားသည်။

Twitter က သီးသန့်အကောင့် ၉၃၆ ခုအပြင် သတင်းမှားများကို ပုံကြီးချဲ့ရန် ရည်ရွယ်ထားသော အကောင့်ပေါင်း ၂၀၀,ဝ၀၀ ကိုလည်း ကြီးကြီးမားမား မလှုပ်ရှားမီ ဆိုင်းငံ့ထားနိုင်ခဲ့သည်ဟု ပြောကြားသည်။

ကုမ္ပဏီ၏ စေ့စပ်သေချာစွာ စစ်ဆေးမှုများအရ ယင်းလုပ်ရပ်များသည် တရုတ်အစိုးရက အားပေးပံ့ပိုးသော ညှိနှိုင်း လုပ်ဆောင်မှု စီမံချက်တစ်ခုဖြစ်ကြောင်း ယုံကြည်စိတ်ချရသော အထောက်အထားများ ရရှိထားသည်ဟု twitter က ပြောကြားသည်။

“အထူးသဖြင့် ဟောင်ကောင် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ သတင်းမှားများကို ပုံကြီးချဲ့ရန် ညှိနှိုင်းလုပ်ဆောင်နေသည့် အကောင့် အစုအဝေးကြီးကို စိစစ်တွေ့ရှိခဲ့သည်။ ကုမ္ပဏီအနေနှင့် အဆိုပါကွန်ရက်ကို သတိဝီရိယဖြင့် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး အများပြည်သူ ဆက်ဆံပြောဆိုမှုများ ဘေးကင်းစေမည့် မူဝါဒများကို ထိရောက်စွာ တင်းကျပ်သွားမည်”ဟု twitter က ထုတ်ပြန်ခဲ့သည်။

Twitter သည် ၎င်း၏ စာမျက်နှာတွင် ကြော်ငြာပို့စ်တင်ရန် နေရာဝယ်ယူသည့် Xinhua သတင်းဌာနကို ခွင့်ပြုခဲ့မှုအတွက် သီတင်းပတ်ကုန်ရက်များအတွင်း ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပြီးနောက် တနင်္လာနေ့တွင် နိုင်ငံပိုင်မီဒီယာများ၏ ကြော်ငြာများကို ခွင့်မပြုတော့ကြောင်း ထုတ်ပြန်ကြေညာခဲ့ရသည်။

ထို့နောက်တွင် ယခုကဲ့သို့ တရုတ်အစိုးရက အားပေးပံ့ပိုးထားသော ဆိုက်ဘာအခြေပြု နိုင်ငံရေးထိုးနှက်မှု စီမံချက်ကို လုပ်ဆောင်နေသည့် အကောင့်များကို twitter ၏ ပိတ်သိမ်းမှု ထွက်ပေါ်လာခဲ့သည်။

အချို့အကောင့်များသည် ၂၀၀၇ ခုနှစ်ကတည်းက ရယူထားကြခြင်းဖြစ်ပြီး အသုံးပြုသော ဘာသာစကားများကိုလည်း တမျိုးပြီးတစ်မျိုး ပြောင်းလဲခဲ့ကြကြောင်းနှင့် အချို့အကောင့်များမှာမူ တစ်နှစ်ပင် မပြည့်သေးကြောင်း သုတေသနပြုသူများက ပြောကြားသည်။ ထိုအချက်သည် သက်တမ်းရင့် အကောင့်များကို ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းသုံးစွဲခြင်း ပြုလုပ်ခဲ့ကြသည့် အဓိပ္ပာယ်ဖြစ်သည်ဟု mozillaမှ ပညာရှင် ရီနီဒီရီစတာက ရှင်းလင်းပြောကြားသည်။  

F-04