News

POST TYPE

NEWS

မိုရေးမြို့ဆန္ဒပြပွဲကြောင့် တမူးနယ်စပ်ဂိတ်ပိတ်၍ ကုန်သွယ်ရေးရပ်
22-Aug-2019

ကလေး၊ ဩဂုတ်၂၂

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့တွင်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲ အဓိကရုဏ်းကြောင့် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် တမူးနယ်စပ်ဂိတ်ကို ပိတ်ထားရာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။

မိုရေးမြို့ဒေသခံများသည် တမူးမြို့ နန်းဖာလုံဈေးမှ ၎င်းတို့ဝယ်ယူလာသည့် ကုန်ပစ္စည်းများကို လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးမှုကြောင့် မိုရေးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့် စစ်သားများကို ဩဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ကားလမ်း အားလုံးကိုပိတ်ထားခြင်း၊ ကားလမ်းများပေါ်တွင် ကားတာယာများနှင့် ပီပါများကိုမီးရှို့ခြင်း၊ တုတ်၊ ဓားများကိုင်ကာ လူအုပ်စုလိုက် လမ်းမများပေါ်တွင် သွားလာနေကြခြင်းဖြင့် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားနေသည့်အတွက် စစ်ကိုင်းတိုင်း၊ တမူးမြို့ နန်းဖာလုံဈေးအနီးရှိ နယ်စပ်ဂိတ်ကို ဩဂုတ်လ ၂၂ ရက်နေ့အထိ ပိတ်ထားကြောင်း နန်းဖာလုံ ဈေးသူဈေးသားများက ပြောကြားသည်။

“ဂိတ်ပိတ်ထားတော့ ဈေးတွေလည်း မဖွင့်ကြဘူး။ ဆိုင်တွေလည်း မဖွင့်ကြဘူး။ ဆိုင်ရှင်းချင်တဲ့သူလောက်ပဲ ဖွင့်ကြတယ်။ ပိတ်ထားကြတာများတယ်”ဟု နန်းဖာလုံဈေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြောဆိုသည်။

တမူးမြို့နယ်တွင် မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်အဖြစ် ဂိတ် ၁ နှင့် ဂိတ် ၂ ဟူ၍ နှစ်ခုရှိပြီး ဂိတ် ၂ သည် နန်းဖာလုံဈေးအနီးရှိကာ တစ်ပိုင်တစ်နိုင်ဝယ်ယူခြင်းကို ခွင့်ပြုထားသည့်ဂိတ်ဖြစ်သည်။

ဂိတ် ၁ သည် နှစ်နိုင်ငံ နိုင်ငံသားများအပါအဝင် တတိယနိုင်ငံသားများပါ တရားဝင် နယ်စပ်ဖြတ်သန်းသွားလာမှုကို ခွင့်ပြုထားသည့်ဂိတ်ဖြစ်ကာ ကွမ်းသီး အပါအဝင် အခြားကုန်စည်များကို ကားများဖြင့် တင်ဆောင်သွားလာခွင့်ပြုသည့် ဂိတ်ဖြစ်သည်။

ဆန္ဒပြမှုကြောင့် ဂိတ် ၂ ကို ပိတ်ထားသော်လည်း ဂိတ် ၁ ကိုမူ ပိတ်ထားခြင်းမရှိကြောင်း၊ သို့သော် ဂိတ်နှင့် မိုရေးမြို့အကြား ကားလမ်းပေါ်တွင် အတားအဆီးများ ပြုလုပ်ကာ လူများဖြင့် စောင့်ကြပ်မှုများရှိနေခြင်းကြောင့် အသွားအလာ မရှိကြကြောင်း ကုန်သည်များက ပြောကြားသည်။

R-20