News

POST TYPE

NEWS

နမ့်ခမ်းတွင် တိုက်ပွဲဖြစ်၍ စာသင်ကျောင်းများပိတ်၊ ရှမ်းမြောက်၌ စစ်ရှောင် ၄၀၀၀ နီးပါးရှိ
22-Aug-2019

လားရှိုး၊ ဩဂုတ် ၂၂ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း ဩဂုတ်လ၂၂ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံရွာသားများမှာ တိမ်းရှောင်ရလျက်ရှိပြီး စာသင်ကျောင်းများကိုလည်း ယာယီ ပိတ်ထားလိုက်ရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် နေရပ်စွန့်ခွာ၍ တိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေမှာ ၄၀၀၀ နီးပါးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း စစ်ရှောင်များကို ကယ်ဆယ်ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စာသင်ကျောင်းနှင့် ဈေးဆိုင်များကိုလည်း ယာယီပိတ်ထားခဲ့ရသည်။

နမ့်ခမ်းမြို့တွင် ယင်းနေ့ နံနက် ၉ နာရီ ခန့်က ပစ်ခတ်တိုက်ခိုက်သံများကြောင့် နမ့်ခမ်းမြို့ပေါ်ရှိ စာသင်ကျောင်းများမှ ကလေးများမှာ ထိတ်လန့်မှုဖြစ်ပေါ်ကာ မိဘများက ပြန်လည်ခေါ်ယူသွားကြောင်း၊ ယင်းကြောင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

“နမ့်ခမ်းမြို့နှင့် ၇ မိုင်လောက်ဝေးတဲ့ ကောင်းဝိန်းဆိုတဲ့ရွာနဲ့ အွယ်လောရွာနားက တောင်ကုန်းပေါ်မှာ တိုက်နေကြတာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ကြတယ်။ အဲဒီရွာတောင်ကုန်းပေါ်မှာ တပ်က စခန်းလာချထားတာ မကြာသေးဘူး။ တပ်ဘက်ကလည်း ပြန်ပစ်သံကြားလိုက်တယ်။ ပစ်ခတ်တာ သိပ်မကြာလိုက်ပါဘူး၊ တစ်နာရီလောက်ပါပဲ”ဟု နမ့်ခမ်းမြို့မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျောင်းသားမိဘများကို ပစ်ခတ်သံကြားရခြင်းနှင့် အရေးပေါ် အခြေအနေကျရောက်ပါက မိမိတို့၏ကလေးများကို ပြန်လည် ခေါ်ယူနိုင်ပြီး ပညာရေးဌာနအနေနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျောင်းများပိတ်ထားရန် တရားဝင်စာဖြင့် ညွန်ကြားထားခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နမ့်ခမ်းမြို့အနီးဝန်းကျင်တွင် ယခင်နေ့က ပစ်ခတ်တိုက်ခိုက်မှုများမရှိဘဲ ယနေ့မှလက်နက်ကြီး၊ လက်နက်ငယ်များ ပစ်သံကြားရခြင်းဖြစ်ကာ တပ်မတော်စစ်ကြောင်းများကလည်း အင်အားအပြည့်အဝဖြင့် လုံခြုံရေးယူထားကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်နှင့် နောင်ချိုမြို့နယ်အတွင်းရှိသည့် ဘုန်းတော်ကြီး ကျောင်းပေါင်း ၁၀ ကျောင်း၌ တိုက်ပွဲရှောင်သူ ၄၀၀၀ ခန့် ခိုလှုံနေပြီး တိုက်ပွဲများမှာ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဩဂုတ်လ၂၁ ရက်နေ့ ညပိုင်းစာရင်းများအရ ၃၈၆၅ ဦးရှိကြောင်း တိုက်ပွဲရှောင်သူများ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

အဆိုပါစစ်ရှောင်များသည် လားရှိုးနှင့် ကွတ်ခိုင်အပါအဝင် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများတွင် လက်ရှိခိုလှုံလျက်ရှိနေပြီး အကူအညီနှင့် အထောက်အပံ့များ လိုအပ်လျက်ရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာအကြားတွင် တိုက်ပွဲများအကြား ငါးရက်ကြာပိတ်မိနေသည့် ကောင်းဆာကျေးရွာမှ ရွာသားများကိုလည်း ပရဟိတ လူမှုကူညီရေးအသင်းများက စုပေါင်းကာ လူနာတင်ယာဉ်များဖြင့် ဩဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက သွားရောက်ကယ်ထုတ်ခဲ့ပြီး ကွတ်ခိုင်မြို့နယ်၊ မန်နောင်ရွာဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ပေးခဲ့ရကြောင်း နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောကြားသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ပိတ်မိနေသော နိုင်ငံခြားသား ၂၈ ဦးကိုလည်း တပ်မတော်က ကယ်ထုတ်လာနိုင်ခဲ့ပြီး ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ လားရှိုးမြို့ရှိ မန်ဆူဘုန်းတော်ကြီးကျောင်း၊ လားရှိုးမြို့နယ်၊ မိုင်းတင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ မတ်ချီနုဘုန်းတော်ကြီးကျောင်းနှင့် သိန်းနီမြို့နယ်အတွင်းရှိ ဝိန်းထန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဟိုနမ့်ရှိ ဘုန်းတော်ကြီးကျောင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်နောင်ရွာ၊ သိန်းနီမြို့နယ်၊ နမ့်စလပ်ဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် ဒေသခံ တိုင်းရင်းသားများက တိုက်ပွဲရှောင်ခိုလှုံနေခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ပြင်ဦးလွင်၊ နောင်ချိုနှင့် ဂုတ်တွင်းကားလမ်းများကို အချိန်ကိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့က လားရှိုးမြို့နှင့် ၁၂ မိုင်အကွာ ပြည်ထောင်စုလမ်းအပိုင်း၊ လားရှိုးမြို့ရှိ အမှတ် ၆၈ ခြေလျင်တပ်ရင်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ မန်းယန်းကျေးရွာ၊ ကုန်းဆာကျေးရွာတို့ကို တိုက်ခိုက်ခဲ့သည့်အပြင် ဩဂုတ်လ ၂၁ ရက်နေ့ ည ၉ နာရီ ၄၀ ခန့်ကလည်း လားရှိုးမြို့ရှောင်လမ်းအနီးရှိ အမှတ်၂၄၂ စစ်လက်နက်ပစ္စည်းတပ်ကို ဒရုန်းကင်မရာ ၃ စင်းဖြင့် လာရောက်ရိုက်ကူးခြင်းပြုလုပ်ခဲ့ရာ တပ်မတော်က ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်များအတွင်း တပ်မတော်သား အပါအဝင် ရဲတပ်ဖွဲ့ဝင်နှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၁ ဦး သေဆုံးရပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။

R-07