News

POST TYPE

NEWS

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ယမန်နှစ်ထက် ၇၇ ရာခိုင်နှုန်းတိုးတက်
22-Aug-2019
ရန်ကုန်၊ ဩဂုတ် ၂၂

မြန်မာနိုင်ငံအတွင်း ပြည်တွင်း၊ ပြည်ပမှ ဝင်ရောက်သည့်ရင်းနှီးမြှုပ်နှံမှုများအနေနှင့် ၂၀၁၉ ခုနှစ် နှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိပြီး ယမန်နှစ်ကထက် ၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် ဖြေလျှော့ပေးခြင်း၊ အွန်လိုင်းဖြင့် ကုမ္ပဏီမှတ်ပုံတင်စနစ် (MYCO) စသည့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုလည်း အစီအစဉ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဩဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ ဂျပန်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ဘီလီယံနှင့် အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၇၉၆ သန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။

လက်ရှိသီလဝါအထူးစီးပွားရေးဇုန်တွင်လည်း ကုမ္ပဏီပေါင်း ၁၀၈ ခု ကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ကာ ဂျပန်နိုင်ငံမှ မော်တော်ကားထုတ်လုပ်သည့် Suzuki နှင့် Toyota တို့အပြင် Yakult Probiotic Drink လုပ်ငန်းလည်းပါဝင်ကာ မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယင်းဖိုရမ်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်နိုင်ငံမှ General Electric, Chevsron နှင့် Ford ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွက် လိုအပ်သည့်အရည်အသွေးရှိပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး အမေရိကန်နိုင်ငံ၊ Overseas Private Investment Corporation မှ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Apollo Towers ကုမ္ပဏီမှတစ်ဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်လျက်ရှိသည့် တာဝါတိုင်ပေါင်း ၁၈၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုခဲ့သည်။

အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများ သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

J-11