News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် နေ့စဉ် ကုဗပေသုံးသန်းထွက်ရှိမည့် သဘာဝဓာတ်ငွေ့တွင်း တွေ့ရှိ
22-Aug-2019
ပုသိမ်၊ သြဂုတ်၂၂

ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ မအူပင်တောင်အစမ်းတွင်းဒေသ၌ နေ့စဉ် ကုဗပေသုံးသန်းထွက်ရှိမည့် သဘာဝဓာတ်ငွေ့တွင်းကို သြဂုတ် ၁၈ ရက်က တွေ့ရှိတူးဖော်ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ယင်းဒေသ၌ ပြည်ထောင်စုအဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးအဖွဲ့က တွင်းအမှတ် ၂၀၊ ၂၂ နှင့် ၂၃ ကို စမ်းသပ်တူးဖော်ရန် လျာထားခဲ့သည့်အနက် တွင်းအမှတ် ၂၃ ကို တူးဖော်ခဲ့ရာ အနက်ပေ ၉၅၀၀ အရောက်တွင် တွေ့ရရှိခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice သို့ ပြောကြားသည်။

“မေလအတွင်းက စတူးတာပါ။ လက်ရှိအနေအထားမှာ စီးပွားဖြစ်မထုတ်ရသေးပါဘူး။ ပြည်ထောင်စုအဆင့်က ကိုင်တွယ်ဆောင်ရွက်သွားမှာပါ” ၎င်းက ပြောကြားသည်။

ညောင်တုန်း-မအူပင် ရေနံမြေဒေသမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို မော်တော်ယာဉ်သုံးလောင်စာဆီ CGN ထုတ်လုပ်သည့် မှော်ဘီ မြောင်းတကာစက်ရုံနှင့် ကန်ကြီးထောင့်မြို့ရှိ ဓာတ်မြေသြဇာစက်ရုံ၊ ညောင်တုန်းမြို့နယ်ရှိ ရွာမဂက်စ်တာဘိုင်နှင့် အခြားအသေးစားစက်ရုံများသို့ နေ့စဉ်ဖြန့်ဖြူးပေးလျှက်ရှိကြောင်း ညောင်တုန်း-မအူပင် ရေနံမြေဒေသတာဝန်ရှိသူက ပြောကြားသည်။

လက်ရှိအခြေအနေတွင် ညောင်တုန်းရေနံမြေမှ နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေငါးသန်း၊ လေဆီခေါ် ရေနံစိမ်း အပေါ့စား ၈၅ စည်၊ မအူပင်ရေနံမြေမှ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၃၀ ကျော်နှင့် လေဆီ ၂၂၀ စည်ကို ပြည်တွင်း၌ နေ့စဉ်ဖြန့်ဖြူးပေးနေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

R-12